နေပြည်တော်၊ ဧပြီ - ၁
မကွေးတိုင်းဒေသကြီး၊ မြို့နယ်အချို့တွင် CDM လှုပ်ရှားမှုကို အခြေခံ၍ ဆူပူ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့အစည်းများနှင့် လူအုပ်စုအချို့သည် နည်းမျိုးစုံ အသုံးပြုပြီး သွေးထိုးလှုံ့ဆော်မှုအား ဆောင်ရွက်ခဲ့သောကြောင့် ဆူပူအကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး အလို့ငှာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီသည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄)အရ ၅ ဦးထက်ပိုသော လူစုလူဝေး မပြုလုပ်ရန် အမိန့်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၎င်းထုတ်ပြန်ထားသော အမိန့်ကို လိုက်နာမှုမရှိဘဲ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် ဆူပူဆန္ဒပြ သူများက အကြမ်းဖက်သည့် အသွင်များဖြင့် ဆောင်ရွက်လာကြရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့် လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ ပြီး ဆူပူအကြမ်းဖက်သူများအား ဖမ်းဆီးထိန်းသိမ်းကာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ထိန်းသိမ်းခံထားသူများအား စိစစ်ခဲ့ရာတွင် ပတ်ဝန်းကျင်၏ စေ့ဆော်မှု၊ ဆူပူဆန္ဒပြမှုအား လှုံ့ဆော်စည်းရုံးခံရမှုနှင့် စားဝတ်နေရေး အထောက်အပံ့ရယူမှု စသည့် အခြေခံအကြောင်းများကြောင့် CDM လှုပ်ရှားဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြောင်း တွေ့ရှိရပြီး အထူးသဖြင့် နိုင်ငံရေး အရောင်အသွေးမရှိသော အပြစ်မဲ့သည့်၊ နုနယ်သေးသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ရှိရပြီး ၎င်းတို့၏ အနာဂတ် အရေးအတွက် သားသမီးချင်း ကိုယ်ချင်းစာ တရားထားရှိသောကြောင့် မကွေးမြို့ အတွင်း မတ်လ ၃ ရက်နေ့နောက်ပိုင်း ထိန်းသိမ်း ထားသူများအနက်မှ ကျောင်းသား ၅ ဦးအား ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိ သူများက မိဘများထံ ပြန်လည်အပ်နှံခြင်းကို မကွေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ များ၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆုံးမဩဝါဒစကား ပြောကြား ပြီး ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့ ဖမ်းဆီးထိန်းသိမ်း ခံရချိန်တွင် ရှာဖွေ ပုံစံဖြင့် သိမ်းဆည်းထားသည့် ကိုယ်ပိုင်ပစ္စည်းများအား စာရင်းအတိုင်း ပြန်လည် လွှဲပြောင်းပေးအပ်ကာ ခံဝန်ကတိ လက်မှတ်ထိုး၍ မိဘ၊ အုပ်ထိန်းသူများထံ ပြန်လည် အပ်နှံစေလွှတ် ပေးခဲ့ကြောင်း သတင်းရရှိသည်။