CDM လှုပ်ရှားမှုနှင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်သူများအား ဖမ်းဆီးရမိ

CDM လှုပ်ရှားမှုနှင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၃
    
အချို့မြို့နယ်များတွင် နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်း ဖက်သူ အုပ်စုများက ဆူပူဆန္ဒပြမှုများမှ တစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်စေရန် လှုံ့ဆော်သွေးထိုးမှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၏ တာဝန်ထမ်းဆောင်နေမှုများကို ပျက်ယွင်းစေရန် လှုံ့ဆော်ခြိမ်းခြောက်ခြင်းများ ပြုလုပ် လျက်ရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေအသီးသီးတွင် လုံခြုံရေး ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည်များ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၂၂ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ဘုရင့်နောင်တံတား၌ ဖြတ်သန်းသွားလာလျက် ရှိသည့် မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် လှိုင်သာယာဘက်သို့ မောင်း နှင်လာသည့် Honda Inside အမျိုးအစားမော်တော်ယာဉ်တစ်စီးပေါ်မှ ဦးဇင်လင်းထွန်း(ဘ) ဦးကံမြင့်၊ ဦးတေဇာလင်း(ခ) ဦးဇော်မင်း(ဘ)ဦးစိန်မြင့် ၊ ဦးမျိုးမင်းဇော်(ဘ) ဦးဝင်းလှိုင်နှင့် ဦးစိုးမင်းဦး(ခ) မောင်ဝိုင်း(ဘ) ဦးအောင်လွင် တို့ကို CDM လှုပ်ရှားမှုတွင် အသုံးပြုသည့် ဗွီနိုင်းစ များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
ထို့ပြင် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခြင်း၊ လှုံ့ဆော်ခြင်း များပြုလုပ် လျက် ရှိကြောင်း စုံစမ်းဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ (၂/က) ရပ်ကွက်၊ ဓမ္မသုခလမ်း၊ အမှတ်(၂၀/ခ)နေအိမ်အား သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်သင်းသင်းချို (ခ) မချို (ဘ) ဦးသီးနှင့် ဦးကောင်းမြတ်သူ(ဘ)ဦးဝင်းမြင့် တို့နှစ်ဦးအား လှုံ့ဆော်စာရွက် စာတမ်းများ၊ ဗွီနိုင်းစများနှင့် အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ သည်။ ထို့အတူ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်တွင် နိုင်ငံတော်အကြည်ညိုပျက်စေ မည့် လှုံ့ဆော်စာတန်းများ ချိတ်ဆွဲနေသော ဦးသော်ဇင်ဦး(ဘ) ဦးကျော်နီနှင့် ဦးကြည်ဇေမင်း (ဘ) ဦးစိုးနိုင်ဦး တို့နှစ်ဦးကို ထပ်မံထိန်းသိမ်းရမိခဲ့သည်။
    
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ လေးမိုင်မြို့အဝင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်ထွက်မှုများအား စစ်ဆေးလျက်ရှိစဉ် ရန်ကုန်မြို့မှ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးခဲ့ရာ ဆန်းမင်းထွန်း(ဘ)ဦးငယ်ကြီး ကို ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်လာစေရန် ရေးသားထားသည့် လှုံ့ဆော်စာရွက်စာတန်းများ နှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
CDM လှုံ့ဆော်မှုနှင့် ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်လာစေရန် လှုံ့ဆော်မှုများသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကိုပျက်ပြားစေသည့် လုပ်ဆောင်မှုဖြစ်သဖြင့် အထက်ပါ ပြစ်မှုများ ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းများ၌ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။