CDM လှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှု၊ ဆန္ဒပြဝါဒဖြန့်မှုများနှင့် ဆူပူအကြမ်းဖက်မှု များတွင် ပါဝင်ဆောင်ရွက်နေသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၃

ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ် ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများ၊ ဆန္ဒပြဝါဒဖြန့်မှုများ၊ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ CDM လှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှု၊ ဆန္ဒပြဝါဒဖြန့်မှုများနှင့် ဆူပူအကြမ်းဖက်မှုများတွင် အဓိက ပါဝင်ဆောင်ရွက်နေသူဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ အောင်ခေမာလမ်း နေ မျိုးမင်းဦး(ဘ) ဦးသန်းမြင့်(ထားဝယ်နည်းပညာတက္ကသိုလ် စတုတ္ထနှစ်)အား မေ ၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ညောင်ရမ်းတောင်ရပ်ကွက်ရှိ ဇမ္ဗူသီရိနာရေးကူညီမှုအသင်းရုံး၌ ဖမ်းဆီး ထိန်းသိမ်းရမိခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/၅၀၅(ဂ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ အကြမ်းဖက်မှုများတွင်ပါဝင်ပြီး ဆူပူအကြမ်းဖက်သူများအား ငွေကြေးနှင့်ဆေးဝါးများထောက်ပံ့ပေးသူဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နေ ကလေးခရိုင် NLD ပါတီကော်မတီဝင် ဦးသန့်ဇင်လင်း (ဘ)ဦးကံရွှန်း အား ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ၎င်းပိုင်ဆိုင်သည့် ချမ်းမြေ့အောင် စည်ရပ်ကွက်ရှိ United စက်သုံး ဆီအရောင်းဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။