Covid-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့်ဆေးဝါး ကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၈

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Covid-19   ရောဂါဓာတ်ခွဲ အတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန် အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိလျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေး လက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာနွယ်ဝင် သီလရှင် ၁၁ ပါး၊ အင်းစိန် မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၄၇ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအရပ်သား ၄၇၅ ဦးတို့ကို အသီးသီး ဆက်လက်လက်ခံ ကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ အတည်ပြု လူနာ အရပ်သား ၁၀၃ ဦးနှင့် သီးသန့်စောင့်ကြပ်ကြည့်ရှုထားသူများ အနက်မှ သတ်မှတ်ရက်ပြည့် မြောက်သည့် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၉၈ ဦးနှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ ၅ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၈၉၆ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည်သူ ၂၄ ဦးနှင့်ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၉၄ ဦးတို့ကို အသီးသီး လက်ခံ ထားရှိကြောင်းနှင့် စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။