COVID-19ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

COVID-19ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ ဇန်နဝါရီ - ၉
    
COVID-19  ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ်၍ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော် သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်၊ ပွေးလှကျေးရွာအုပ်စု၊ ကျားကုန်းကျေးရွာနှင့် ပွင့်လန်းကျေးရွာတို့ရှိ ဒေသခံတောင်သူ များထံမှ အာလူး ၃၀၀ ပိဿာ၊ ခရမ်းချဉ်သီး ၁၅၀၀ ပိဿာနှင့် ဂေါ်ဖီထုပ် ၁၀၀၀ ထုပ်တို့ကို ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ထပ်မံဝယ်ယူပေးခဲ့သည်။
    
အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ်၊ ပွေးလှကျေးရွာနှင့် ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာတို့ရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများမှ ရာသီသီးနှံများဖြစ်သည့် ခရမ်းချဉ်သီး ၃၅၀၀ ပိဿာနှင့် ဂေါ်ဖီ ၆၅၀၀ ထုပ်တို့ကို ဇန်နဝါရီ ၆ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တောင်သူများ ရောင်းချပေးနိုင်သည့်ဈေးဖြင့် မှာယူဝယ်ယူခဲ့ပြီး ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားရေးအဆင်ပြေစေရန်အတွက် သက်သာသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။