COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၁၀

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေး လက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့အထိ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၂၈ ဦးကို ဆက်လက်လက်ခံကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ လက်ခံကုသမှုများဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ သည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင်အတည်ပြု လူနာအရပ်သား ၄ ဦးနှင့် သီးသန့်စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၂၃ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင် ပေးကြသည်။
    
ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့်သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၉၆၈ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၄ ဦးတို့ကိုအသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
    
ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ စောင့်ကြည့်သူများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်စိုးဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။