COVID-19 ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဇန်နဝါရီ - ၂၄
တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများကိုလည်း သက်ဆိုင်ရာ Quarantine Center များ၌ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ လက်ခံဆောင်ရွက်ထားသူများအနက် သတ်မှတ်ရက်ပြည့်မြောက်သည့် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂၉ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက် ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ် များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။
ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ ၃၄၇ ဦး လက်ခံထားရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူ များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။