COVID-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများ ရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက် ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၂၃

  ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများ အနေဖြင့် ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများ ပျက်စီးဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။

ထိုသို့ဝယ်ယူပေးလျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နောင်ဂါးမှီးကျေးရွာများရှိ  ဒေသခံတောင်သူများ၏ စိုက်ခင်းများမှ ရာသီသီးနှံများဖြစ်သည့် ခရမ်းချဉ်သီး ၃၉၀၀ ပိဿာနှင့် ဂေါ်ဖီထုပ် ၆၀၀၀ ထုပ်တို့ကို ဝယ်ယူခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များသို့  တပ်မတော်သား မိသားစုဝင်များနှင့် အရပ်သား အစားခန့်ဝန်ထမ်းများ COVID-19 ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း စားရေး အဆင်ပြေစေရန်အတွက် ယနေ့တွင် သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။