COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁၈
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိ သည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့များရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နှင့် ကွမ်းလုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ခိုလမ်မြို့နှင့် ကာလိမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နဘူးတိုက်နယ်ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့ရှိ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နှင့် မြန်အောင်မြို့များရှိ မြို့နယ်ပြည်သူ့ဆေးရုံများ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်း ဒေသကြီး၊ အရိုးအထူးကုဆေးရုံ(မန္တလေး)၊ စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံနှင့် မကွေးတိုင်း ဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြ သည်။
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ မစိန်စံပြကျေးရွာ တိုက်နယ်ဆေးရုံသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။