COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ဆက်လက်လက်ခံပြီး လိုအပ် သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၉
    
တပ်မတော်အနေဖြင့်  Coronavirus Disease 2019(COVID-19)  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့လက်ခံကုသမှုများဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ သည့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်မှ သံဃာတော် ၁၈၈ ပါးနှင့် မှော်ဘီမြို့နယ်၊ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းမှ သံဃာတော် ၁၆၂ ပါးနှင့် အရပ်သား ၃ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေး ကြသည်။
    
ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၆၂ ပါး၊ အရပ်သား ၇ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၃၈ ပါးနှင့် အရပ်သား ၄ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ သံဃာတော် ၃၄ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအရပ်သား ၇၉၀ ဦးတို့ကို အသီးသီး ဆက်လက်လက်ခံကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင် စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။