နေပြည်တော်၊ ဒီဇင်ဘာ - ၂၆
တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန် အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိလျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေး လက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။ ယနေ့အထိ အင်းစိန်မြို့နယ်ရှိ သီရိ မင်္ဂလာ မဟာသာသနာ့ ဗိမာန်တော် တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသံဃာတော် ၁ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၄၈ ဦးတို့ကို အသီးသီး ဆက်လက်လက်ခံ ကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက် ပေးလျက် ရှိသည်။
ထိုသို့ လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ သည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် အတည်ပြုလူနာ အရပ်သား ၄၁ ဦးနှင့် သီးသန့်စောင့်ကြပ် ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက် ပြည့်မြောက်သည့် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၇၉ ဦးနှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ နယ်မြေခံ တပ်ရင်း၌ ၂၂ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာ ရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံ ပို့ဆောင်ပေးကြသည်။
ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၇၅၂ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၇၂ ဦးတို့ကိုအသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါ သီးသန့်စောင့်ကြည့် ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် စီစဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။