COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူပြု စေရန်အတွက် စေတနာရှင်အလှူရှင်များက အောက်ဆီဂျင်အိုးများနှင့် Mask များ လှူဒါန်း

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူပြု စေရန်အတွက် စေတနာရှင်အလှူရှင်များက အောက်ဆီဂျင်အိုးများနှင့် Mask များ လှူဒါန်း

 
နေပြည်တော်၊ ဇူလိုင် - ၁၄

 
လက်ရှိအချိန်တွင် COVID-19 ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများနှင့် ကန့်သတ် စောင့်ကြည့်ရမည့် လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးရာတွင် လိုအပ်သည့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုး များနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို စေတနာရှင်အလှူရှင်များက တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် COVID Center များသို့ လာရောက်လှူဒါန်းလျက်ရှိသည်။

 
ထိုသို့လာရောက်လှူဒါန်းလျက်ရှိရာ ရောဂါအတည်ပြု လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ ဆေးရုံသစ်သို့ တစ်လုံးလျှင် ၈ သိန်းတန်ဖိုးရှိ အသက်ရှူစက် ၄ လုံး၊ ၄၀ လီတာ အောက်ဆီဂျင်အိုး ၁၄၀ လုံးနှင့် အလှူငွေများကို စေတနာရှင်အလှူရှင်များက ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းကြရာ ခရိုင်ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့သည်။

 
အလားတူ တပ်မတော်မှ ဆောင်ရွက်ပေးလျက်ရှိသည့် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စေတနာရှင်အလှူရှင်များက Mask ၅ သိန်းနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လာရောက်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။