Genocide Convention အရ လျှောက်ထားသောအမှု
(ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ)
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်
Professor Mr. Robert Kolb ၏ ဒုတိယအကြိမ်မြောက် လျှောက်လဲတင်ပြချက်
ကနဉီးကန့်ကွက်လွှာ တတိယအချက်
ဥက္ကဋ္ဌနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊
၁။ ကျွန်တော့်အနေဖြင့် တတိယကန့်ကွက်ချက်အကြောင်းအရာနှင့် စပ်လျဉ်း၍ ပြန်လည် လျှောက်လဲတင်ပြမည်ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံ၏ တင်ပြချက်များကို ဂရုပြု နားထောင်ခဲ့ပါတယ်။ သို့ရာတွင် Article VIII အပေါ် ဂမ်ဘီယာရဲ့ အဓိပ္ပာယ် ကောက်ယူမှုဟာ ကျေနပ်လက်ခံနိုင်ဖွယ် မရှိကြောင်း ဝန်ခံရမည် ဖြစ်ပါတယ်။
ခြွင်းချက်ပြုခြင်းနှင့်စပ်လျဉ်းသည့် အဓိပ္ပာယ်ဖွင့်ဆိုမှုဆိုင်ရာ မေးခွန်းများနှင့် အကျိုးသက်ရောက်မှုများ
၂။ အဆိုပါအချက်ကို လေ့လာကြည့်ပါမယ်။ Article VIII နှင့်စပ်လျဉ်းပြီး ကျွန်တော်တို့ရဲ့ မေးခွန်းအပေါ် ဦးစွာတင်ပြပြီးနောက် ခြွင်းချက်ပြုခြင်းရှုထောင့်ကနေ ပြန်လည် သုံးသပ်မည်ဖြစ်ပါတယ်။ ဒီနှစ်ခုက ထပ်တူကျနေတဲ့အရာတွေတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရှေ့မှာ မြင်နေရတဲ့ စကြဝဠာကြီးဆိုတာကတောင် မိမိတို့ ရွေးချယ် ရည်ညွှန်းတဲ့ ရှုထောင့်အတိုင်း ကွဲပြားနေတာပဲမဟုတ်ပါလား။
၃။ Article VIII သည် ကုလသမဂ္ဂအဖွဲ့အစည်းများသို့ အမှုလွှဲအပ်မှုနှင့် မသက်ဆိုင်ဘူး ဆိုလျှင် မြန်မာနိုင်ငံရဲ့ ခြွင်းချက်ပြုခြင်းက ဘယ်လို အဓိပ္ပာယ်ရှိပါသလဲ။ ဒီအချက်ကို ရိုးသားပွင့်လင်းစွာ တင်ပြရရင် ခြွင်းချက်ပြုခြင်းဆိုတာက ဥပဒေဆိုင်ရာအကျိုး သက်ရောက်မှု မရှိအောင်ပြုခြင်းဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဥပဒေဆိုင်ရာအကျိုး သက်ရောက်မှု မရှိတဲ့ကိစ္စကို ထပ်ပြီး ခြွင်းချက်ပြုလုပ်ခဲ့တာမျိုးလား။ ဒီလိုလုပ်ခဲ့ရင် အဓိပ္ပာယ်မဲ့ပြီး ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ရလဒ်တစ်ခုပဲ ဖြစ်မယ်မဟုတ်လား။ နိုင်ငံတစ်နိုင်ငံအနေနဲ့ အရေးပါတဲ့ စာချုပ်တစ်ခုမှာပါတဲ့ ပြဌာန်းချက်တစ်ရပ်ကို ခြွင်းချက်ပြုခြင်း ဆိုတာကို အလေးဂရုပြု ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဥပဒေဆိုင်ရာ အကျိုးသက်ရောက်မှု ရရှိဖို့ သေချာပေါက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့လုပ်ရပ်ဟာ အကျိုးမရှိ လက်တွေ့မကျ မပြည့်စုံဘူးလို့ အပြောခံရပါတယ်။ ဒါကိုတော့ ကွျန်တော်မဆုံးဖြတ်တတ်ပါဘူး။
၄။ Article VIII သည် ကမ္ဘာ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပဲ သက်ဆိုင် တယ်လို့ မှတ်ယူမယ်ဆိုပါစို့။ သူကတော့ အဆိုပါအဖွဲ့အစည်းတို့ကို အမှုလွှဲအပ်မှုအပေါ် သက်ရောက်မှုရှိတယ်လို့ပဲ ယူဆတယ်ဆိုရင် ကျွန်တော်တို့ တူညီတဲ့ ဥပဒေရေးရာ အခြေအနေတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ အပိုဒ် ၃၅ နဲ့ ၃၉ ကဲ့သို့သော ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ သက်ဆိုင်ရာ ပြဌာန်းချက်များအပေါ် အခြေခံပြီး နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေကို အမှုတင်ပြဆောင်ရွက်နိုင်ပါတယ်။ ၁၉၄၈ ခုနှစ် Genocide Convention ရဲ့ Article VIII ကို ခြွင်းချက်ပြုခြင်းက ကုလသမဂ္ဂပဋိညာဉ် စာချုပ်ပါ အဆိုပါအဖွဲ့အစည်းတွေရဲ့ အခွင့်အာဏာရှိခြင်းအပေါ် အကျိုးသက်ရောက် ကြောင်း ယူဆနိုင်ပါလိမ့်မယ်။ လိုအပ်မယ်ဆိုရင် Convention ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း သို့မဟုတ် အဆိုပါအဖွဲ့အစည်းတွေက လိုက်နာဆောင်ရွက်ခြင်းဆိုင်ရာ မေးခွန်းတွေ အတွက် ဒီအမှုလွှဲအပ်မှုက ရည်ရွယ်တာလို့ဆိုရင်လည်း မဖြစ်နိုင်ဘူးလို့ ဆိုကောင်း ဆိုနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကန့်သတ်ချက်က ထင်သာမြင်သာတဲ့ ထိရောက်မှုတော့ရှိမှာ မဟုတ်ပါဘူး။ ဒီလွှဲအပ်မှုက လူ့အခွင့်အရေးချိုးဖောက်ခြင်း သို့မဟုတ် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခြင်းအဖြစ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ဆက်စပ်နေရမယ်။ ခြွင်းချက်ပြုခြင်းကို အဲ့ဒီမှာသုံးလို့ မရနိုင်တော့ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ နယ်ပယ်မှာ ဒါက အသုံးဝင်တဲ့ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ Article VIII က တရားရုံးရဲ့ ဆောင်ရွက်နိုင်မှုနဲ့ မဆိုင်ဘူးဆိုရင် ဒီအချက်က မှတ်သားရမယ့်ကိစ္စရပ်ဘဲ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ‘ခြွင်းချက်ပြုခြင်း’ဆိုတာ ဥပဒေဆိုင်ရာအကျိုးသက်ရောက်မှု လုံးဝ မရှိတော့ပါဘူး။
၅။ အခု Article VIII ကလည်း တရားရုံးနဲ့ သက်ဆိုင်တယ်လို့ ယူဆကြည့်ပါစို့။ Article VIII က တရားရုံးရဲ့ အမှုလက်ခံနိုင်မှုနဲ့ မသက်ဆိုင်ဘူး၊ ဒီအချက်ကို Article IX မှာ ထားခဲ့ပြီ လို့ ဆိုတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ခြွင်းချက်ပြုခြင်းက ဘယ်လိုဘဲဖြစ်ဖြစ် နောက်တစ်ကြိမ် အကျိုးသက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး။ Article IX ကို အခြေခံပြီး တရားရုံးကို တင်ပြလျှောက်ထားလို့ရသလို၊ တရားရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။
၆။ အခုတင်ပြခဲ့တဲ့အကြောင်းအရာတွေကနေ အနှစ်ချုပ်တင်ပြလိုပါတယ်။ ပထမ အနုမာန မှန်းဆချက်က Article VIII သည် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အမှုလွှဲအပ်မှုတွေနဲ့ အကျုံးမဝင်ပါဘူး။ ဒါပေမယ့် အခြားပြဌာန်းချက်တွေကိုအခြေခံပြီးတော့ အဆိုပါ အဖွဲ့အစည်းတွေကို အမှုတင်ပြဆောင်ရွက်လို့ ရနိုင်ကြောင်း ထောက်ပြရုံမျှသာ ဆိုနိုင်မည် ဖြစ်ပါတယ်။ ဒါဆိုရင် အဆိုပါပြဌာန်းချက်ကို ဘာကြောင့် ခြွင်းချက်ပြုရ ပါသလဲ။ ဒါက ဘာမှ အသုံးမဝင်တော့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက ခြွင်းချက်ပြုဖို့ သုံးသပ်ပြင်ဆင်ခဲ့ကြတုန်းက ဒါကိုသေချာနားလည်ခဲ့ကြတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ခြွင်းချက်ပြုခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ ခြွင်းချက်ပြုလုပ်တဲ့နိုင်ငံက ရည်ရွယ်ချက် ပြတ်ပြတ်သားသားရှိတယ်ဆိုတာကို ကျွန်တော်အနေနဲ့ တင်ပြလို ပါတယ်။
၇။ ဒုတိယအနုမာနမှန်းဆချက်အနေနဲ့က Article VIII သည် နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်း တွေရဲ့ အမှုလက်ခံဆောင်ရွက်နိုင်မှုနဲ့သာလျှင် အကျုံးဝင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ သို့ပေမယ့် ဒီလို ဆောင်ရွက်နိုင်မှုကို အခုလို ခြွင်းချက်ပြုခြင်းက တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒီခြွင်းချက်ပြုခြင်းဟာ ကုလသမဂ္ဂပဋိဉာဉ်စာချုပ်ရဲ့ သက်ဆိုင်ရာ ပြဌာန်းချက်တွေအထိ လိုက်ပြီးသက်ရောက်မှာ မဟုတ်ပါဘူး။ ထပ်ပြောရရင် ဒါကို ခြွင်းချက်ပြုခြင်းသည် အကျိုးသက်ရောက်မှု မရှိပါဘူး။
၈။ တတိယအနုမာနမှန်းဆချက်က Article VIII သည် နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တရားစီရင်ရေးအဖွဲ့အစည်းတွေရဲ့ အမှုလက်ခံဆောင်ရွက်နိုင်မှုတွေမှာ အကျုံးဝင် ပါတယ်။ ဒါပေမယ့် တရားရုံးကို အမှုလွှဲအပ်တာကိုတော့ Article IX မှာသာ ဖော်ပြထား ပါတယ်။ Article VIII ကို ခြွင်းချက်ပြုခြင်းသည် နောက်ဆုံးဖြစ်ပျက်မှုတွေအတွက် ကိုက်ညီမှုမရှိ၊ အကျိုးသက်ရောက်မှုမရှိ လက်တွေ့မကျ ဖြစ်နေပါတယ်။ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ရဲ့ ပြဌာန်းချက်တွေကိုအခြေခံပြီး နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေကို အမှုတင်ပြဆောင်ရွက်နိုင်ပါတယ်။ Article IX ကို အခြေခံပြီး တရားရုံးကို အမှုစွဲဆို တင်ပြဆောင်ရွက်နိုင်ပါတယ်။
၉။ ဒါကြောင့်မို့ စတုတ္ထအနုမာနမှန်းဆချက်ကို ရဲရဲဝံ့ဝံ့ တင်ပြနိုင်တာက Article VIII သည် တရားရုံးရဲ့ အမှုလက်ခံဆောင်ရွက်နိုင်မှုနဲ့ သက်ဆိုင်ပါတယ်။ ဒီလိုဆိုရင် ခြွင်းချက် ပြုခြင်းဟာ ပြာပုံထဲကနေ ပြန်လည် နိုးထအသက်ဝင်မှာ ဖြစ်ပါတယ်။ တရားရုံးထံ တိုက်ရိုက်အမှုလွှဲအပ်ခြင်းအား ခွင့်မပြုတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ ဒီအရာသည် အသုံးဝင်သော အကျိုးသက်ရောက်မှုကို ဖြစ်စေတဲ့ တစ်ခုတည်းသော နည်းလမ်းဘဲဖြစ်တဲ့အပြင် ခြွင်းချက်ပြုလုပ်တဲ့နိုင်ငံရဲ့ သဘောဆန္ဒကို လေးစားတဲ့ တစ်ခုတည်းသောနည်းလမ်းလည်း ဖြစ်ပါတယ်။
၁၀။ ယခု ရှုထောင့်ပြောင်းပြီး မြန်မာနိုင်ငံရဲ့အမြင်ကို ကြည့်ကြပါစို့။ ကျွန်တော့်တင်ပြချက် အစပိုင်းမှာ ဖော်ပြခဲ့တဲ့ နှိုင်းယှဉ်ချက်အပြောင်းအလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ယင်း၏ ခြွင်းချက်ပြုခြင်းသည် တရားရုံး၏ အမှုလက်ခံဆောင်ရွက်နိုင်မှုကို တားဆီး နိုင်တယ်ဆိုတဲ့အချက်ကို သံသယရှိခဲ့မယ်ဆိုရင် အခြားနိုင်ငံများ ဆောင်ရွက်တဲ့အတိုင်း Article IX ကိုလည်း ခြွင်းချက်ပြုခဲ့မှာ ဖြစ်တယ်လို့ တွေးဆနိုင်ပါသလား။ သို့သော် Article VIII ကို ခြွင်းချက်ပြုခြင်းသည် မည်သည့်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုခုကိုမဆို အမှုတင်ပြလွှဲအပ်ခြင်းကို တားဆီးရာရောက်တယ်လို့ မြန်မာနိုင်ငံအနေနဲ့ ယုံကြည်ခဲ့တဲ့ အတွက် Article IX နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံက ခြွင်းချက်မပြုခဲ့ခြင်း ဖြစ်တာကို အလွယ်တကူနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် အဲဒီလို မလုပ်ခဲ့တာလဲဆိုပြီး အပြစ်တင်ရင်း ကျွန်တော်တို့ အနည်းနဲ့အများ လွဲချော်နေမည် ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အဆက်အစပ်ရှိရှိ ပြောရရင် မြန်မာနိုင်ငံအမြင်တွင် Article IX ကို ခြွင်းချက်ပြုရန် မလိုအပ်တော့ကြောင်း နားလည်သဘောပေါက်လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ယင်း၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နိုင်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုခုရဲ့ ဆောင်ရွက်နိုင်မှုကို ဖယ်ရှားထားပြီးဖြစ်တယ်လို့ ယုံကြည်ခဲ့ ပါတယ်။
၁၁။ ဒီအချက်ဟာ တရားရုံးရဲ့ အာရုံစိုက်မှု ရရှိရေးအတွက် အင်မတန်အရေးပါတဲ့အချက် ဖြစ်ပါတယ်။ ဒီအရေးပါတဲ့ကြိုးပမ်းအားထုတ်မှုက မြန်မာနိုင်ငံရဲ့ခြွင်းချက်ပြုခြင်းကို အဓိပ္ပာယ်ရှိစေဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဘာကိုဆိုလိုပါသလဲ။ ယင်းကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုသင့်ပါသလဲ။ အမြင်အတိုင်းပဲ ပုဂ္ဂလဓိဋ္ဌာန်ကျကျ ဆုံးဖြတ် ရပါမယ်။ ခြွင်းချက်ပြုခြင်းမှာ အားကိုးအားထားပြုနိုင်တဲ့ အဓိပ္ပာယ်ရှိဖို့ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဘယ်လိုစာသားတွေ ထည့်သွင်းရမလဲဆိုတာ မြန်မာနိုင်ငံက စဉ်းစားခဲ့မှာပါ။ အဲလိုဆိုရင် Genocide Convention ၏ Article VIII နဲ့ Article IX တို့အကြား ဆက်နွယ်မှုကို ယေဘုယျအားဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ အဓိပ္ပာယ်ဖွင့်ဆိုမှု သည် ရှင်းလင်းပြတ်သားမှု မရှိနိုင်ပါ။ ဂမ်ယီယာနိုင်ငံက မှန်စေဦးတော့ Article VIII သည် ယေဘုယျသဘောအရ တရားရုံးနှင့် မသက်ဆိုင်ဟုဆိုဦးတော့ မြန်မာနိုင်ငံအနေနဲ့ ယင်း ခြွင်းချက်ပြုခြင်း၏ အဓိပ္ပာယ်ကို ဘယ်လိုနားလည်သလဲဆိုတဲ့ မြန်မာနိုင်ငံဘက်က ကိုယ်စားပြုမှုအပေါ် အလေးထားရမယ့်အချက် ရှိနေပါသေးတယ်။ ဒီပြဌာန်းချက်များကို လည်းကောင်း၊ ပြဌာန်းချက်များရဲ့ အပြန်အလှန်ဆက်နွယ်မှုကိုလည်းကောင်း နားလည်ဖို့ နည်းလမ်းရှာဖွေရန် လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သံသယရှိစရာ မလိုပါဘူး။ အကယ်၍ မြန်မာနိုင်ငံသည် Article VIII ကို အမှုလွှဲအပ်ခြင်းနဲ့ သက်ဆိုင်မှုအဖြစ် မယူဆပါက ယင်း၏ ခြွင်းချက်ပြုခြင်းသည် အသုံးဝင်သည့်အဓိပ္ပာယ် မရှိနိုင်တော့ပါ။
၁၂။ ကျွန်တော် ရှုထောင့်အမြင် ထပ်မံပြောင်းလဲကြည့်ပါမယ်။ နိုင်ငံတစ်နိုင်ငံသည် ထင်ရှားတဲ့ နယ်ပယ်မှာရှိတဲ့ စာချုပ်တစ်ခု၏ အရေးပါတဲ့ပြဌာန်းချက်ကို ခြွင်းချက်ပြုထားပါတယ်။ တရားသူကြီးမင်းများခင်ဗျာ၊ တရားသူကြီးမင်းတို့ဟာ မတူညီတဲ့နိုင်ငံများက နိုင်ငံသား များ ဖြစ်ကြပါတယ်။ လူကြီးမင်းတို့ရဲ့ နိုင်ငံသည် အရေးကြီးသည်ဟု မှတ်ယူထားသော စာချုပ်တစ်ရပ်ရပ်တွင် ခြွင်းချက်ပြုထားရန် လိုအပ်နိုင်သည်ကို လူကြီးမင်းတို့လည်း သိရှိပြီးဖြစ်ပါတယ်။ လူကြီးမင်းတို့နိုင်ငံတွေက ခြွင်းချက်ပြုခြင်းကို ဘယ်လောက် ထိန်းသိမ်းထားနိုင်မလဲကို လူကြီးမင်းတို့ သိကြမည်ဖြစ်ပါတယ်၊ ယခု ဂမ်ဘီယာသည် ထိုခြွင်းချက်ပြုသည့်ကိစ္စကို တရားရုံးက မသိကျိုးကျွန်ပြုရန် တောင်းဆိုနေပါတယ်။ ထိုသို့ ခြွင်းချက်ပြုထားခြင်းကို မရှိခဲ့သလို သဘောထားဆောင်ရွက်ရန် ၎င်းတို့ကို ဂမ်ဘီယာက ညွှန်ကြားထားပါတယ်။ တရားသူကြီးမင်းတို့အနေဖြင့် တရားရုံး၏ စီရင်ထုံးများကို လိုက်နာရသောနိုင်ငံများအပေါ် မည်သည့်သတင်းစကား ပါးချင်ပါသလဲ။ နိုင်ငံများ၏ ခြွင်းချက်ပြုထားခြင်းကို တရားရုံးက အလေးအနက်မထားတော့ဘူးလို့ ပြောလိုပါသလား။ အရေးမကြီးသောကိစ္စအနေဖြင့် ဖော်ပြလိုပါသလား။ သေချာကြိုတင် ပြင်ဆင်ဆောင်ရွက်ထားတဲ့ ခြွင်းချက်ပြုခြင်းကို ချက်ချင်းဘဲ ဘာမှအဓိပ္ပာယ်မရှိသလိုမျိုး ပစ်ပယ်စေချင်တာပါလား။ ခြွင်းချက်ပြုခြင်းသည် ပြဌာန်းချက်များတစ်သားတည်းရှိမှုကို အဟန့်အတားဖြစ်စေသည်ဟု ရှုမြင်မှုသည် အားလုံးနောင်တရစရာ ဖြစ်စေနိုင်ပါတယ်။ အဆိုပါအချက်တွေဟာ မိမိတို့နဲ့ မသင့်လျော်တာကြောင့် ယင်းတို့ကို လျစ်လျူရှုပေးပါလို့ တင်ပြနေခြင်း မဟုတ်ပါ။
၁၃။ နောက်ဆုံးအချက်အနေနဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ဖွင့်ဆိုမှုတွေအပေါ် တရားရုံးရဲ့ အာရုံစိုက်မှု ရှိစေလိုခြင်း ဖြစ်ပါတယ်။ အကယ်၍ Article VIII သည် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းတွေကို အမှုလွှဲအပ်တဲ့အချက်နဲ့သာ အမှန်တကယ် အကျုံးဝင်ပြီး ခြွင်းချက် ပြုခြင်းကလည်း အဲ့ဒီအပေါ် အကျိုးသက်ရောက်မှုရှိသည်ဆိုလျှင် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းတွေကို အမှုလွှဲအပ်ခြင်းအား ခြွင်းချက်ပြုမှုက တားမြစ်ရာရောက်ပြီး တရားရုံးကို အမှုလွှဲအပ်ခြင်းကိုတော့ Article IX က ထိန်းသိမ်းထားတဲ့အတွက် တားမြစ် ရာရောက်မှာ မဟုတ်ပါဘူး။ ရလဒ်ကတော့ အကြံပြုချက်များ (recommendations) သာလျှင် ထုတ်ပြန်လေ့ရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်နိုင်ခွင့်ကနေ မြန်မာနိုင်ငံကို ကာကွယ်နိုင်မှာဖြစ်ပြီး စည်းနှောင်အားရှိသော နည်းလမ်းများဖြင့်ဆုံးဖြတ်သည့် အဖွဲ့အစည်းရဲ့ ဆောင်ရွက်နိုင်ခွင့်ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ တတိယနိုင်ငံ ရဲ့ ဝင်ရောက်စွက်ဖက်မှုမှ ကိုယ့်ကိုယ်ကိုကာကွယ်ရန် ဆောင်ရွက်လိုတဲ့နိုင်ငံအတွက် အံ့ဩဖွယ်ရာ အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ မပြောပလောက်သည့် ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားနိုင်ပြီး ကြီးမားသည့် ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြု နိုင်သလိုဖြစ်ပါတယ်။ ယခုအမှုတွင် ဖော်ပြပါအကျိုးသက်ရောက်မှုနှင့် ခြွင်းချက် ပြုလုပ်သောနိုင်ငံ၏ရည်ရွယ်ချက်တို့ကို အလွယ်တကူစေ့စပ်နိုင်မည်ဟု ယုံကြည်ရန် ခက်ခဲကြောင်း ကျွန်တော်တွေ့ရှိရပါတယ်။ ဒါကြောင့် ခြွင်းချက်ပြုခြင်း၏ ရည်ရွယ်ချက် ကို ထည့်သွင်းစဉ်းစားလျှင် Article VIII တွင် တရားရုံးပါဝင်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်း သည် ပို၍ ညီညွတ်မှုရှိမည် ဖြစ်ပါတယ်။
၁၄။ ကျွန်တော့်အနေနဲ့ အဓိကပြသနာကို ဖော်ပြပြီးပါပြီ။ ဘောပင်တစ်ချောင်းနဲ့ ရေးခြစ်ရုံဖြင့် မြန်မာနိုင်ငံ၏ ခြွင်းချက်ပြုခြင်းရဲ့ အသုံးဝင်သော အကျိုးသက်ရောက်မှုကို မိမိတို့ ငြင်းပယ်နိုင်ပါသလား။ ဥပဒေအတွေးအခေါ်တစ်ရပ်အဖြစ် ပြောင်းလဲပစ်မည်လား။ နောက်ဆုံးအနေနဲ့ ပယ်ဖျက်ပစ်မည်လား။ လေးစားအပ်ပါသော တရားရုံးတော် ဥက္ကဌနှင့် အဖွဲ့ဝင် တရားသူကြီးမင်းများခင်ဗျာ၊ လူကြီးမင်းတို့ရဲ့ခံစားမှုအပေါ်မှာတော့ ကျွန်တော့် အနေနဲ့ ခန့်မှန်းလို့ မရနိုင်ပါဘူး။ သို့ပေမယ့် ဒီအမြင်ကို အဆုံးသတ်ဖို့ ကျွန်တော့် အတွက်တော့ ခက်ခဲလျက်ရှိကြောင်း ဝန်ခံပါရစေ။ ဘာမှမရှိခြင်း နတ္ထိကဝါဒဆိုတာဟာ ဒသနိကဗေဒမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ စာချုပ် တွေမှာ ခြွင်းချက်ပြုခြင်းကိစ္စကတော့ အဲဒီလိုဖြစ်မယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ မြန်မာနိုင်ငံက Article VIII ကို ခြွင်းချက်ပြုထားတဲ့ကိစ္စကို လုံးဝ လျစ်လျူရှုထားနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကျွန်တော်တို့ မချမှတ်နိုင်ပါဘူး။ အဲဒီခြွင်းချက်ပြုခြင်းက ရှိနေပြီဖြစ်လို့ ယင်းအပေါ် တရားရုံးက အဓိပ္ပာယ်တစ်ခုတော့ ပေးရမှာဖြစ်ပါတယ်။
ဂမ်ဘီယာနိုင်ငံ၏ အချို့သော လျှောက်လဲချက်များအတွက် အဖြေများ
၁၅။ ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက် သုံးခု အပေါ် ယခု တင်ပြလိုပါတယ်။ တင်ပြချက် အားလုံးကို ပြုစုရန် အချိန်မရခဲ့ပေမယ့် ဂမ်ဘီယာရဲ့ သေးငယ်တဲ့အချက်အလက်များနဲ့ ငြီးငွေ့ဖို့၊ အသေးစိတ်အချက်အလက်များနဲ့ အာရုံများနေဖို့၊ ကျွန်တော်တို့ရဲ့ဆွေးနွေးချက် များမှာ စုစည်းဖော်ပြထားပြီးဖြစ်တဲ့ အချက်အလက်များ၏ အသုံးမဝင်မှုကို ထပ်မပြုလုပ် လိုပါဘူး။
၁၆။ ပထမတင်ပြချက်တွင် နစ်နာသည့်နိုင်ငံနှင့် နစ်နာမှုမရှိသည့်နိုင်ငံတို့အကြား ခြားနားချက် သည် ပြဌာန်းချက်များနှင့် မကိုက်ညီဟု ဆိုပါတယ်။ Article VIII က ယင်းကို ထောက်ခံထားခြင်းမရှိကြောင်း ဂမ်ဘီယာနိုင်ငံက ပြောပါတယ်။ ဒီပြဌာန်းချက်အတွက် ကြိုတင်ဆွေးနွေးပြုစုတဲ့လုပ်ငန်းတွင်လည်း ထိုသို့ဖော်ပြခဲ့ခြင်းမရှိကြောင်း ဂမ်ဘီယာ နိုင်ငံက ဆိုပါတယ်။ ကျွန်တော်သဘောတူပါတယ်။ ကျွန်တော့်အနေနဲ့လည်း Article VIII ကို ရည်ညွှန်းပြောဆိုနေတာမဟုတ်ဘဲ ခြွင်းချက်ပြုခြင်းကိုသာ ရည်ညွှန်းတင်ပြနေတာ ဖြစ်ပါတယ်။ ခြွင်းချက်ပြုသည့်ဖော်ပြချက်သည် အဆိုပါခြားနားချက်ကို မှန်ကန်ကြောင်း ပြဆိုနိုင်ပါသလား။ တရားရုံးကို အံ့အားသင့်စေနိုင်မယ့် မိမိရဲ့အဖြေက ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ခြွင်းချက်ပြုခြင်းဖြင့် မြန်မာနိုင်ငံက Article VIII ကို လက်ခံကျင့်သုံးခြင်း ကနေ ဖယ်ရှားထားပါတယ်။ ခြွင်းချက်ပြုခြင်းမှာ နစ်နာသည့်နိုင်ငံနှင့် နစ်နာမှုမရှိသည့် နိုင်ငံတို့အကြား ခြားနားချက်မရှိပါဘူး။ ဒီအပိုင်းနှစ်ပိုင်းက ဘယ်ကနေပေါ်လာပါသလဲ။ မြန်မာနိုင်ငံ၏ ယဉ်ကျေးသောအပြုအမူမှ ဆင်းသက်လာပါတယ်။ နစ်နာမှုမရှိသည့်နိုင်ငံ သည် ၎င်းခြွင်းချက်ပြုထားမှုစာသားအပေါ်အခြေခံ၍ အမှုလွှဲအပ်မှု တစ်စုံတစ်ရာကို ဖယ်ထုတ်ခြင်းဖြင့် လက်ခံပေးနိုင်ပါတယ်၊ သို့ပေမယ့် မြန်မာနိုင်ငံက အဲ့လောက်အထိ မသွားလိုပါဘူး။ နစ်နာမှုမရှိသည့်နိုင်ငံက အမှုလွှဲအပ်မှုကိုသာလျှင် မြန်မာနိုင်ငံက ကန့်သတ်ထားလိုခြင်း ဖြစ်ပါတယ်။ အဲဒီလိုမရှိခဲ့ဘူးဆိုရင်တော့ ပိုပြီး လွယ်ကူမှာကို သံသယမရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ခြွင်းချက်ပြုထားတဲ့ကိစ္စ ပျော့ပျောင်းမှုရှိစေဖို့ မြန်မာနိုင်ငံကို အပြစ်တင်လို့ ရနိုင်ပါသလား။ တကယ်လို့ ဂမ်ဘီယာနိုင်ငံက ခြွင်းချက်ပြုထားတဲ့စာသားတစ်ခုလုံးကို ပိုမိုလက်ခံတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရည်ရွယ်ချက်ရှုထောင့်ကနေ ဥပဒေအရ တုံ့ပြန်ရတာ ပိုပြီး ရိုးရှင်းပါတယ်။ နစ်နာသည့် နိုင်ငံနှင့် နစ်နာမှုမရှိသည့်နိုင်ငံ ဘယ်ကပဲဖြစ်ဖြစ် တရားရုံးရဲ့ ဆောင်ရွက်နိုင်မှုကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ ဒီကိစ္စရပ်ကို ဒီမှာဘဲ ထားလိုပါတယ်။ အဘယ့်ကြောင့် ဆိုသော် ဒီခြားနားချက်က ယခုအမှု ဖြေရှင်းရာမှာ အရေးကြီးမှု မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အရေးကြီးတာက တစ်ခြားအချက်ဖြစ်ပါတယ်။ အဲဒါက ခြွင်းချက်ပြုခြင်းရဲ့ ရည်ရွယ်ချက်နဲ့သက်ဆိုင်ပြီး ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းကို ဖယ်ထုတ်ဖို့ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းဆိုရလျှင် တရားရုံးကို အမှုလွှဲအပ်ခြင်းသည် အဆိုပါ ဝင်ရောက်စွက်ဖက်မှုပင် ဖြစ်ပါတယ်။ ယင်းသည် စည်းနှောင်အားရှိတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေကြောင်း မှတ်သားဖွယ်ရာဖြစ်ပါတယ်။
၁၇။ အဆိုပါခြွင်းချက်ပြုခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ် အပိုဒ် ၂၊ အပိုဒ်ခွဲ ၇ နှင့် စပ်လျဉ်းသောကိစ္စရပ်များနှင့်သာ သက်ဆိုင်ခဲ့လျှင် ခြွင်းချက်ပြုသည့်စာသား အကြောင်း အရာကို နားလည်ရန်ခက်ခဲမည် ဖြစ်ပါတယ်။ အဘယ်ကြောင့် Article VIII ကို လက်ခံ ကျင့်သုံးခြင်းကနေ လုံးဝဖယ်ထုတ်ပြီး ပြည်တွင်းရေးရာများနှင့်စပ်လျဉ်း၍ ပုံမှန်လုပ်ထုံး လုပ်နည်းများ ပြုလုပ်ရန် မကန့်သတ်ထားပါသနည်း။
၁၈။ ဒုတိယတင်ပြချက်တွင် Article VIII နှင့် Article IX တို့ကို ပြဌာန်းရန် ကြိုတင်ဆွေးနွေး ပြုစုခဲ့သည့်လုပ်ငန်းများကို ဂမ်ဘီယာနိုင်ငံက တရားရုံးသို့ ရှည်ရှည်ဝေးဝေး တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဤသည်မှာ အနက်ဖွင့်ရန် မလွယ်သည့် တစ်ခါတစ်ရံ ပြောင်းလဲမှုများ ပါရှိသည့် ရှည်လျားသော အနေအထားက ရှုပ်ထွေးနေသည့်အချက်များ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံသည် အဓိကကျတဲ့အချက်များကိုအလေးပေးပြီး နှုတ်ဖြင့်လျှောက်လဲခြင်း ကို မပြုလုပ်ခဲ့ပါဘူး။ သို့ဖြစ်၍ တရားသူကြီးမင်းများက ဒါနဲ့ပတ်သက်ပြီး စာဖြင့်ရေးသား လျှောက်လဲချက်ကို ကိုးကားရန် တင်ပြလိုပါတယ်။ “ကုလသမဂ္ဂ၏အဖွဲ့အစည်းများ” ဆိုတဲ့ ကျယ်ပြန့်တဲ့ချဉ်းကပ်မှုကို အလေးပေးပြီး အထွေထွေညီလာခံနဲ့ လုံခြုံရေး ကောင်စီတို့လို နိုင်ငံရေးအဖွဲ့အစည်းတွေသာဖြစ်သည်ဆိုတဲ့ Article VIII ရဲ့ ကန့်သတ်ချက်ကို ငြင်းပယ်ခဲ့တာကို တရားရုံးကအာရုံစိုက်နိုင်ဖို့ ကျွန်တော် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
၁၉။ ကျွန်တော့်အနေနဲ့ ပြဌာန်းချက်အတွက် ကြိုတင်ဆွေးနွေးပြုစုတဲ့လုပ်ငန်းတွေအပေါ် ဘာကြောင့် ပြန်လည်မပြောတော့တာလဲဆိုတဲ့ အကြောင်းပြချက် နောက်တစ်ခု ရှိပါတယ်။ Genocide Convention သည် နိုင်ငံအများပါဝင်သောစာချုပ်တစ်ခု ဖြစ်ပါတယ်။ ထိုသို့သော စာချုပ်များကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ပြဌာန်းချက်စာသားနှင့် အခြား ရည်ရွယ်ချက်များကို အဓိက အခြေခံရပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ယုတ္တိ ကင်းမဲ့ပြီး ကျိုးကြောင်းဆီလျော်မှု မရှိသည့်အခါတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အတည်ပြုခြင်း၊ ရှင်းလင်းစေခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ ပြုလုပ်သည့်အခါ၌ ပြဌာန်းချက်အတွက် ကြိုတင်ဆွေးနွေးပြုစုတဲ့လုပ်ငန်းများသည် အထောက်အကူပြု အချက်အလက်အဖြစ်သာလျှင် တည်ရှိပါတယ်။ ဤနေရာတွင် တရားရုံးသည် ကုလသမဂ္ဂ၏ အခွင့်အာဏာရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်ဟု ညွှန်းဆိုပါက ကျိုးကြောင်းဆီလျော်မှုမရှိဟု ဆိုနိုင်ပါသလား။ ကြိုတင်ဆွေးနွေးပြုစုတဲ့လုပ်ငန်းများ သည် ပြဌာန်းချက်အတွက် အထောက်အကူပြုအချက်အလက်များသာဖြစ်ကြောင်း တရားရုံးစီရင်ထုံးများက သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ရည်ရွယ်ချက်အခြေပြုသော အဓိပ္ပာယ်ဖွင့်ဆိုမှုနည်းလမ်းများကို လက်ခံပါလျှင် ယင်းတို့ကို ပြဌာန်းချက်အားလုံးတွင် အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းများကို ပညာရပ်ဆိုင်ရာသဘာဝရှိသော ကိစ္စရပ်များအတွက် အသုံးမပြုဘဲ လူမှုစံနှုန်းမြင့်မားသည့်သဘာဝရှိသောကိစ္စရပ်များ အတွက်သာလျှင် သုံးစွဲဖို့ တစ်ဖက်သတ်ရွေးချယ်မှု မပြုလုပ်နိုင်ပါဘူး။ နိုင်ငံတကာစာချုပ် တစ်ခုသည် စကားပြန်တစ်ဦးက သူနှစ်သက်သလို ကောက်ယူပြောဆိုနိုင်သည့် စားသောက်ဆိုင်မှ အစားအသောက်စာရင်းတစ်ခု မဟုတ်ပါ။
၂၀။ ပြဌာန်းချက်အတွက် ကြိုတင်ဆွေးနွေးပြုစုတဲ့လုပ်ငန်းများကို ပိုမိုအလေးမပေးဖို့ နောက်ထပ်အကြောင်းရင်းတစ်ခု ရှိပါသေးတယ်။ မြန်မာနိုင်ငံ၏ ခြွင်းချက်ပြုခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ယင်းတို့မှာ တစ်ဆင့်ခံအကြောင်းအရာများ ဖြစ်ပါတယ်။ သီးခြား ကိုယ်စားပြုခြင်းများကို ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ၏ ရည်ရွယ်ချက်က အဓိကဖြစ်ပါတယ်။
၂၁။ သို့သော် ကြိုတင်ပြင်ဆင်သည့်လုပ်ငန်း (travaux) ဟူသည့် စကားရပ်အကြောင်း ကျွန်တော်ပြောလိုပါတယ်။ လုံလောက်သည့်အကျိုးမရှိ၍ ကျွန်တော်က ရှောင်ရှားလိုခြင်း ဖြစ်သည်ဟု တရားသူကြီးမင်းများက မမှတ်ယူစေလိုသောကြောင့် ဖြစ်ပါတယ်။ ထင်ရှားသော အချက်နှစ်ချက်ကို ဖော်ပြလိုပါတယ်။ Article VIII နှင့် Article IX တို့ကို အတူတကွ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးသည့်အဆင့်တွင် Article နှစ်ခုကို တစ်ပေါင်းတည်း ပြုစုထားခဲ့ပါတယ်။ နောက်ပိုင်းမှ ပြဌာန်းချက်ကို သီးခြားစီ ပြုစုခဲ့ကြ ပါတယ်။ Article VIII သည် ယေဘုယျပြဌာန်းချက်အနေဖြင့် ဝင်ပေါက်တစ်ခုအဖြစ် ပေါ်ပေါက်လာပြီး Article IX သည် တရားရုံးအတွက် သီးခြားစီရင်ပိုင်ခွင့်ရှိသော ကဏ္ဍကို ဖော်ပြထားပါတယ်။ ဂမ်ဘီယာဘက်က တင်ပြသလို နိုင်ငံရေးနဲ့ တရားစီရင်ရေးအကြား တင်းကြပ်တဲ့ စည်းခြားထားမှုကို ကျွန်တော်တို့ မတွေ့ရှိရပါဘူး။
၂၂။ ထို့ပြင် ၁၉၄၈ ခုနှစ် နိုဝင်ဘာလအတွင်း အဆင့်မြင့်ဆွေးနွေးပွဲ၌ Article X စာသား (ယခု Article VIII) တွင် ‘ကုလသမဂ္ဂ၏ အခွင့်အာဏာရှိသော အဖွဲ့အစည်းတစ်ရပ်ရပ်’ ဟူသော စကားရပ်ကို သုံးနှုန်းခဲ့ပါတယ်။ “အခွင့်အာဏာရှိသော အဖွဲ့အစည်းတစ်ရပ်ရပ်” ဆိုတာ တရားရုံး မပါဘူးလား။
၂၃။ ဂမ်ဘီယာက 'saisir' နှင့် 'recurrir' စကားရပ်များ၏ အဓိပ္ပာယ်အား ယင်းတို့ ပါဝင်ရသည့် သဘောသဘာဝကို အလေးထား၍ သုံးသပ်စိစစ်တင်ပြခဲ့ပါတယ်။ ဂမ်ဘီယာက ‘also’ ဟူသည့် စကားလုံးကို အသုံးပြုခဲ့ပြီး ၎င်းသည် တရားစီရင်ရေးရော နိုင်ငံရေးအဖွဲ့အစည်း များအတွက်ပါ သင့်လျော်သည်ဟု တင်ပြခဲ့ပါတယ်။ ဤတင်ပြချက် သည် Article VIII ကို နိုင်ငံရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သည် ဟူသော တင်ပြချက်ကို အားကောင်းစေရန် ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ယင်း အဖွဲ့အစည်းများသည် ‘Seize’ စကားရပ်အရ ဖယ်ထုတ်ခြင်းမခံရသောကြောင့် ဖြစ်ပါတယ်။ သို့သော် ထိုစကားရပ်များတွင် တရားရုံးများ ပါဝင်သည်ဟူသည့် ၎င်း၏ တွက်ချက်မှုမှတစ်ဆင့် ဝန်ခံရာရောက်နေသည်ကိုတော့ ဂမ်ဘီယာက သတိပြုမိမည် မဟုတ်ပါ။ ပြဌာန်းချက်များအတွက် ကြိုတင်ဆွေးနွေးပြုစုတဲ့ လုပ်ငန်းတွင် ဤသို့ ပါဝင်ကြောင်း အဓိပ္ပာယ်ကို အတည်ပြုထားတဲ့ တစ်စွန်းတစ်စ ဖော်ပြချက်အချို့ ပါဝင်ပါတယ်။ ဗြိတိန်နိုင်ငံကိုယ်စားပြုသည့် Sir Hartley Shawcross ရဲ့ ရပ်တည်မှုကို ကြည့်ပါ။ Article VIII တွင် ရည်ညွှန်းထားသည့် အဖွဲ့အစည်းတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုကို ပြစ်ဒဏ်ပေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံးတစ်ခုကို တည်ထောင်ဖို့ ပါဝင်ပါတယ်။
၂၄။ တတိယတင်ပြချက်မှာ ဂမ်ဘီယာနိုင်ငံသည် ကျွန်တော်ကိုယ်တိုင်ရေးသားသည့်စာတမ်း များကို တင်ပြခြင်းဖြင့် ကျွန်တော့်ကို အခက်အခဲဖြစ်စေရန်ကြိုးပမ်းမှုမှာ မှန်ကန်သည်ဟု တွေးထင်နေပါတယ်။ ဒါဟာ အန္တရာယ်များတဲ့လောင်းကြေးထပ်မှုပါပဲ။ ဘာလို့လဲ ဆိုတော့ စာရေးသူပြောချင်တာကို သူ့ထက်ဘယ်သူကများ ပိုပြီးသိနိုင်မှာမို့လို့ပါလဲ။ ကျွန်တော်ရေးသားခဲ့တဲ့ သုံးသပ်ချက်တစ်ခုကို ကျွန်တော့်ကိုထိခိုက်စေဖို့အတွက် ကိုးကားထားပါတယ်။ အဲဒါက ကွန်ဗင်းရှင်း၏ Article IX နဲ့ဆက်စပ်ပါတယ်။ အဆိုပါ ဖော်ပြချက်က အနုညာတစီရင်ဆုံးဖြတ်မှုစာပိုဒ်ကို အခြေခံပြီး တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို သက်ရောက်မှုရှိသည့်အကြောင်း ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်ရေးခဲ့တဲ့စာသား တစ်ခုကို ကျွန်တော် ပြန်မပြောချင်ပါဘူး။ ယခုအမှုမှာ ခြွင်းချက်ပြုခြင်းကို ကျင့်သုံးမှု မရှိဘူးဆိုရင်၊ Article IX ရဲ့ ရှင်းလင်းတဲ့နယ်ပယ်အတွင်းမှာ လုံးဝ ရှိနေခဲ့မယ်ဆိုရင် ကျွန်တော့်သုံးသပ်ချက်မှာ ဖော်ပြခဲ့သလိုပဲ တရားရုံးက စီရင်ပိုင်ခွင့်ကို ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ Article VIII နဲ့ပက်သက်ပြီး ကျွန်တော် မရေးခဲ့ ပါဘူး။ မြန်မာနိုင်ငံရဲ့ ခြွင်းချက်ပြုတဲ့ကိစ္စ နည်းနည်းတောင်မှ မပါခဲ့ပါဘူး။ ဒီမေးခွန်း တွေဟာ ယခုကိစ္စနဲ့ မဆိုင်ပါဘူး။
၂၅။ ဂုဏ်သရေရှိ ပညာရှိလူကြီးမင်းများခင်ဗျား၊ လူကြီးမင်းတို့အတွင်းမှာရှိတဲ့ ပညာရေး နယ်ပယ်မှ ပုဂ္ဂိုလ်များကတော့ ကျွန်တော့်ကို အလွယ်တကူနားလည်ပါလိမ့်မယ်။ ကျောင်းဆရာတစ်ဦး ဖြစ်ဖူးတဲ့ တရားသူကြီးမင်းများအတွက်လည်း ဒီလိုဘဲ ဖြစ်မှာပါ။ ပညာရပ်ဆိုင်ရာစာတမ်းတွေကို ကန့်သတ်ချက်တွေ မရှိတဲ့အခြေအနေကနေ စတင်ရပြီး ပုံသေစံနှုန်းများလည်း မရှိပါဘူး။ အမှန်တော့ တရားစွဲဆိုတဲ့အခါ တစ်ဦးတစ်ယောက်ချင်း ရဲ့ အခြေအနေ သို့မဟုတ် သီးခြားအခြေအနေအရ ချက်ချင်းချုပ်ကိုင်ခံရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေရဲ့ အတိမ်အနက်က ထိုသူအပေါ် သုံးသပ်ချိန်ဆသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆန့်ကျင်မှု သို့မဟုတ် နောက်ပြန်လည့်မှု ဖြစ်စေမယ့်အရာ မတွေ့မိပါဘူး။ အကြောင်းအရာနဲ့ မူလအကျိုးအကြောင်းကလည်း ထပ်တူမကျပါဘူး။ ဒီအရာအားလုံး ဟာ ကျွန်တော်တို့အားလုံးအတွက် အထူးအကြောင်း မဟုတ်ပါဘူး၊ ဒါကို ကျွန်တော် မတင်ပြလိုတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်က တိတ်ဆိတ်နေမယ်ဆိုရင် အရှက်ရစေမှာ ကိုတော့ ကြောက်ပါတယ်။ ဒီလိုခံစားချက်ပျောက်ကွယ်သွားတာကိုတော့ ကျွန်တော် ကြိုက်ပါတယ်။
နိဂုံး
၂၆။ ကျွန်တော်ရဲ့ လျှောက်လဲချက်နှစ်ခုကနေ တရားသူကြီးမင်းတို့ ဘာကို အလေးဂရုပြု စေချင်တာလဲဆိုတော့ Article VIII နှင့် Article IX တို့အကြား ဆက်နွယ်မှုကို ဓမ္မဓိဋ္ဌာန်ကျကျ မှန်ကန်စွာ အနက်ဖွင့်ဆိုခြင်းက ဘယ်လိုပဲရှိပါစေ မြန်မာနိုင်ငံ၏ ခြွင်းချက်ပြုခြင်းကို အသုံးဝင်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ ရလဒ်ဖြစ်စေမယ့် ဆန်းစစ်ထားသောအဓိပ္ပာယ်ဖော်ပြချက်တစ်ခု ချမှတ်နိုင်မလား ဆိုတာကတစ်ချက် ဖြစ်ပါတယ်။ နောက်တစ်ချက်က ကွန်ဗင်းရှင်းရဲ့ စာချုပ်ဝင်နိုင်ငံဖြစ်တဲ့အခါ ကွန်ဗင်းရှင်း မှာ ဂရုတစိုက်ပြုလုပ်ထားတဲ့ ခြွင်းချက်ပြုခြင်းကို လုံးဝပစ်ပယ်ဖို့ လူကြီးမင်းတို့ တရားရုံးက ကြိုးပမ်းဆောင်ရွက်မလားဆိုတာ ဖြစ်ပါတယ်။ ဒီလိုတင်ပြချက်ဟာ ကျွန်တော့်ကို မသက်မသာဖြစ်စေပါတယ်။ တရားရုံးအနေနဲ့ ဖော်ပြပါအချက်ကို ဂရုပြုသုံးသပ်မယ်ဆိုတာ ကျွန်တော်ပြောရဲပါတယ်။ ပြီးတော့ တရားသူကြီးမင်းများရဲ့ ဉာဏ်ပညာနဲ့ ဆောင်ရွက်တဲ့ ရလဒ်အပေါ်မှာလည်း နည်းနည်းမှ စိုးရွံ့မှု မဖြစ်မိပါဘူး။
၂၇။ ဤတွေ့ရှိချက်များနဲ့ ကျွန်တော့်ရဲ့ ယနေ့လျှောက်လဲတင်ပြမှုကို အဆုံးသတ်လိုပါတယ်။ စိတ်ပါဝင်စားစွာ နားထောင်ပေးသည့်အတွက် တရားရုံးကို ကျေးဇူးတင်ရှိပါတယ်။ တရားရုံးတော်ဥက္ကဌခင်ဗျား၊ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အား နိဂုံးချုပ်စကား ပြောကြားဖို့ ဖိတ်ခေါ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
*************