KIA တွင် အဖျက်အမှောင့်သင်တန်းဖွင့်လှစ်သင်ကြားမှုနှင့် ရန်ကုန်မြို့အတွင်း ဖောက်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအား ဖော်ထုတ်ရရှိ

နေပြည်တော်၊ ဇွန် - ၈

KIA အဖွဲ့ထံတွင် စစ်အခြေခံနှင့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သည့် ထူးဝေလင်းနှင့် မင်းသုခကျော် တို့ ၂ ဦးအား လက်ပစ်ဗုံးများ၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ဇွန် ၇ ရက်တွင်သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

အဆိုပါဖမ်းဆီးရမိသူ နှစ်ဦးအနက် ထူးဝေလင်း၏ ထပ်မံဖော်ထုတ်ချက်အရ ထူးဝေလင်းသည် မတ်လ ၃၀ ရက်တွင် မင်းသုခကျော်၊ ရဲရင့်အောင် တို့နှင့်အတူ KIA တွင် သင်တန်းတက်ရောက်ရန်အတွက် Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ပြီး မြစ်ကြီးနားမြို့ရှိ Apple Hotel တွင် တည်းခို ခဲ့ကြောင်း၊ ဧပြီလ ၁ ရက်တွင် ကျော်ဇင်လင်း (လိုင်ဇာရောက်ရှိနေသူ) စီစဉ် ပေးမှုဖြင့် မြစ်ကြီးနားမြို့မှ လိုင်ဇာသို့ Super Custom ယာဉ်ဖြင့် သွားရောက်ခဲ့ရာ မိုက်ဆာပါ စစ်ဆေးရေးဂိတ်မှတဆင့် လိုင်ဇာမြို့သို့ရောက်ရှိခဲ့ပြီး တည်းခိုခန်းတွင် တည်းခိုခဲ့ပြီး ကျော်ဇင်လင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၃ ရက်တွင် ကျော်ဇင်လင်း ခေါ်ဆောင်ထားသည့် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၂၂ ဦး တို့နှင့်အတူ Super Custom ယာဉ် ၄ စီးဖြင့် လိုင်ဇာမှ မိုင်ဂျာယန်သို့ ထွက်ခွာခဲ့ပြီး မိုင်ဂျာယန်မှ ၆ ဘီးယာဉ် ၂ စီးဖြင့်် ဆက်လက် ထွက်ခွာခဲ့ရာ KIA တပ်မဟာ(၃)မှ သင်တန်းဖွင့်လှစ်မည့် တောင်ပေါ်စခန်းသို့ ရောက်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းဖွင့်လှစ်ထားသော စခန်းနေရာတွင် သင်တန်းသား အိပ်ဆောင်(၃) ဆောင်၊ စာသင်ခန်းမ ၁ ခု၊ စားချက်ဆောင်၊ ထမင်းစားဆောင်များ ပါရှိပြီး မီတာ ၃၀၀ အကျယ်ရှိ လေ့ကျင့်ရေးကွင်း၊ မီတာ ၁၀၀ ခန့်ရှိ စက်ပစ်ကွင်း ၁ ခုရှိကြောင်းနှင့် သင်တန်းတွင် ၎င်းတို့အပါ ကျား ၁၄၂ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၄၅ ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းတွင် KIA နည်းပြများမှ ဖောက်ခွဲဖျက်ဆီးရေး သင်ခန်းစာ၊ လက်တွေ့ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် လက်နက်ငယ်ပစ်ခတ်ခြင်းများအား လေ့ကျင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းဆင်းပွဲအား ဧပြီလ ၂၈ ရက်တွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ KIA အဖွဲ့မှ သင်တန်းနည်းပြများနှင့် အတူ အကြမ်းဖက်အဖွဲ့အစည်း CRPH မှ NLD ပါတီဝင်များဖြစ်သော ဦးကျော်စိုးလင်း၊ ဒေါက်တာမျိုးဝင်းနှင့် စိစစ်ဆဲ NLD ပါတီဝင် ၂ ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းဆင်းပြီးနောက် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ ချိန်တွင် တရားခံ ထူးဝေလင်းနှင့် မင်းသုခကျော်တို့ ၂ ဦးမှာ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်း ခဲ့သော RDF (Revolution Democracy Force) အဖွဲ့တွင် ပါဝင်ခဲ့ကြောင်း၊ ၎င်းအဖွဲ့တွင် လူအင်အားဖြည့်တင်းနိုင်ရေး၊ လက်နက်ငယ်နှင့် ဖောက်ခွဲရေး ရက်တိုသင်တန်း ထပ်မံ ဖွင့်လှစ်ရေးအတွက် စီစဉ်ထားရှိခဲ့ကြောင်းနှင့် RDF အဖွဲ့ဝင် ထက်အောင်လွင် (NUG တွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်ပြီးသူ)သည် NGO များ ထံမှ ငွေကြေးထောက်ပံ့မှု ရယူ၍ ဖောက်ခွဲရေးပစ္စည်းများအား အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ထံမှ ချိတ်ဆက်မှာယူခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

တရားခံ ထူးဝေလင်း အနေဖြင့် RDF အဖွဲ့ဝင်ဖြစ်သော ရဲရင့်အောင်နှင့်အတူ မေလ ၁၃ ရက်တွင် သုဝဏ္ဏဈေး အနီး မိုင်းဖောက်ခွဲခြင်း၊ မေလ ၂၅ ရက်တွင် စမ်းချောင်း အထွေထွေအုပ်ချုပ်ရေးရုံးအား မိုင်းဖောက်ခွဲခြင်း၊ ဇွန်လ ၁ ရက်တွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(အလုံ)အနီး မိုင်းဖောက်ခွဲမှုများ ပြုလုပ် နိုင်ရေးအတွက် ကြိုတင်လမ်းကြောင်း ကင်းထောက်ခြင်းများ ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင် ဖြစ်သော ထက်အောင်လွင်နှင့် အဖွဲ့မှ စီစဉ်ဖောက်ခွဲခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားအောင် အဖျက်အမှောင့် လုပ်ငန်းများလုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ စစ်သင်တန်း တက်ရောက်ခဲ့သူ ၂ ဦးအား ဆက်လက် စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများ အား ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်ခြင်းများ ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်းနှင့် ဆူပူအကြမ်းဖက် လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ထောက်ခံအားပေးသူများအနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။