KIA အဖွဲ့က ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပုဂ္ဂလိကပိုင် ဆီသယ်ယာဉ်များအား အကြောင်းမဲ့ တိုက်ခိုက် မီးရှို့ဖျက်ဆီး၊ တနိုင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်

နေပြည်တော်၊ မေ - ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ပူတာအိုမြို့ရှိ တိုင်းကျော်စက်သုံးဆီအရောင်း ဆိုင်သို့ ဆီများပို့ဆောင်ရန် ထွက်ခွာလာသည့် မော်တော်ယာဉ် ၂ စီးအား KIA အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့မှ ပူတာအိုမြို့ရှိ တိုင်းကျော်စက်သုံးဆီအရောင်း ဆိုင်သို့ ဆီများပို့ဆောင်ရန် ထွက်ခွာလာသည့် ဦးကျော်ဇင်ဝင်း(ဘ)ဦးသောင်းတင် မောင်းနှင်ပြီး ဦးကျော်ဇင်မြင့်(ဘ)ဦးသန်းနိုင် လိုက်ပါလာသည့် NISSAN အမျိုးအစား ၁၀ ဘီးယာဉ်အမှတ်၊ 1C/---- (ဓာတ်ဆီ ၃၀၀၀ ဂါလံဆန့်)မော်တော်ယာဉ်နှင့် ဦးဇော်ဇော်(ဘ)ဦးကုလား မောင်းနှင်ပြီး ဦးမျိုးမင်းဦး(ဘ)ဦးဝင်းနိုင် လိုက်ပါလာသည့် NISSAN အမျိုးအစား ၁၀ ဘီးယာဉ်အမှတ်၊ 1C/---- (ဓာတ်ဆီ ၃၀၀၀ ဂါလံဆန့်) မော်တော်ယာဉ် ၂ စီးတို့သည် မေ ၁၉ ရက် နေ့လယ် ၂ နာရီခန့်တွင် ဆွမ်ပရာဘွမ် မြို့နယ်၊ ဇနန်ကျေးရွာနှင့် ဆူယန်ကျေးရွာအကြားသို့အရောက်၌ KIA အဖွဲ့မှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ မော်တော်ယာဉ်များ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ ဦးမျိုးမင်းဦး တွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ သဖြင့် ဆွမ်ပရာဘွမ်မြို့နယ်ဆေးရုံ၌  ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ယနေ့နံနက် ၃ နာရီခန့်တွင် တနိုင်းမြို့နယ်၊ ဘန်ကောက်ကျေးရွာ အနီးရှိ ယုဇနကုမ္ပဏီပိုင် ပီလောပီနံစက်ရုံအား KIA အဖွဲ့က ဘက်ဟိုးယာဉ် ၃ စီးဖြင့် လာရောက်ဖျက်ဆီးခဲ့ရာ စက်ရုံအရှေ့ဘက်အုတ်တံ တိုင်းခြံစည်းရိုးပေ ၁၅၀ ခန့်၊ မော်တော်ယာဉ်ဂိုဒေါင် ၂ လုံး၊ စက်ယန္တရားဂိုဒေါင် ၁ လုံး၊ လူနေအဆောက်အဦ ၄ လုံး၊ ဝန်ထမ်းအိမ်ရာ ၃ လုံးနှင့် မော်တော်ယာဉ် ၁ စီးတို့ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

လူမှုကွန်ယက်စာမျက်နှာများ၌ အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားသော တရားမဝင်အဖွဲ့အစည်းများကို ထောက်ခံရေးသားလျက်ရှိသည့် အချို့မီဒီယာများတွင် မြန်မာ့တပ်မတော်၏ လေယာဉ်ဆီများ တင်ဆောင်လာသည့် ယာဉ်တန်းကို KIA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရပြီး မြေပြင်ဖြစ်စဉ်မှန်မှာ ဒေသအတွင်း လိုအပ်သည့် စက်သုံးဆီများ တင်ဆောင်လာသည့် အရပ်ဘက်ဆီတင်ယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းသို့ လုပ်ဆောင်မှုများကြောင့် စက်သုံးဆီပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့် မှုများကို ရင်ဆိုင်ကြုံတွေ့လာရနိုင်သဖြင့် အဆိုပါလုပ်ရပ်အပေါ် ဒေသခံပြည်သူ များက ရွံရှာစက်ဆုပ်လျက်ရှိကြောင်းနှင့် အဆိုပါနေရာများတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင် များက နယ်မြေလုံခြုံရေးလုပ်ငန်းများ အသီးသီး တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။