KIA အဖွဲ့က ဗန်းမော်-မြို့သစ်-မြစ်ကြီးနားသွား ကားလမ်းပေါ်ရှိ တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဧပြီ - ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မအူပင်ကျေးရွာ၏ မြောက်ဘက်မီတာ ၂၀၀ ခန့်အကွာ ဗန်းမော်-မြို့သစ်-မြစ်ကြီးနားသွား ကားလမ်းပေါ်ရှိ အလျား ၅၀ ပေ၊ အကျယ် ၃၀ ပေ၊ အမြင့် ၂၀ ပေရှိ သံကူကွန်ကရစ် အမျိုးအစား တံတားအား ယနေ့နံနက် ၆ နာရီခွဲ ခန့်တွင် KIA အဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

အဆိုပါဖောက်ခွဲ ဖျက်ဆီးမှုကြောင့် တံတား၏ မြောက်ဘက်ထိပ် ဝဲဘက်ခြမ်း လက်ရမ်း ၅ ပေခန့် ကျိုးပဲ့ပျက်စီးခြင်း၊ တံတားနှင့် ကတ္တရား ဆက်စပ်နေရာ ၁၀ ပေခန့် ပျက်စီးခြင်းနှင့် တံတားကြမ်းခင်း ၈ လက်မခန့် ပေါက်ပြဲ ပျက်စီးခဲ့သည်။

  အထက်ပါဖြစ်စဉ်နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ရာ မပေါက်ကွဲ သေးသည့် မိုင်း ၂ လုံးအား ဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ပြီး တံတားပျက်စီးသွားသော နေရာ များအား လမ်းဦးစီးဌာနမှ အမြန်ပြန်လည် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။