နေပြည်တော်၊ ဧပြီ - ၂၈
ကချင်ပြည်နယ်၊ ဟိုပင်မြို့၏မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ မိုးညှင်း- ဟိုပင်-မိုးကောင်း-မြစ်ကြီးနားသွား ကားလမ်းပေါ်ရှိ တဝက်ချောင်းကူးကွန်ကရစ် တံတား(ကားလမ်း)နှင့် တဝက်ချောင်းကူးတံတား(ရထားလမ်း)တို့အား KIA အဖွဲ့က ဧပြီ ၂၇ ရက် ညပိုင်းတွင် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် တဝက်ချောင်းကူးကွန်ကရစ် တံတား (ကားလမ်း) အောက်ခံကွန်ကရစ် အလျား ၇ ပေ၊ အနံ ၂ ပေခန့်ကွဲအက်ခြင်း၊ ကမ်းတက်ခုံ ကွန်ကရစ် အလျား ၂ ပေ၊ အနံ ၂ ပေ၊ အနက် ၂ ပေခန့်ပျက်စီးခြင်း၊ ကွန်ကရစ် တံတားကြမ်းခင်း ၃ ပေခန့်ပျက်စီးခြင်း၊ တဝက်ချောင်းကူးတံတား (ရထားလမ်း) အောက်ခြေကွန်ကရစ်တိုင် အမှတ်(၃)ပဲကျပျက်စီးခြင်း၊ အရှည်ပေ ၂၀ ရှိ ဘေးသံဘောင် တန်းပျက်စီးခြင်း၊ ဇလီဖားတုံး ၅၀ ခန့်မီးလောင်ပျက်စီးခြင်းနှင့် ဘံဘောင်လမ်း ၃၉ ပေခန့်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါတံတားပျက်စီးမှုဖြစ်ပွားခဲ့သည့်နေရာအား လမ်းဦးစီးဌာနမှ စစ်ဆေး ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံးခြုံရေးလုပ် ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။