KIA အဖွဲ့ထံတွင် စစ်အခြေခံနှင့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၉

နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ ရဲကင်းရှေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်ရှိ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဇွန် ၇ ရက် ညနေ ၄ နာရီခန့်တွင် ကသာမြို့မှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာသည့် “စိန်အာရှ” ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော စိုးဝဏ္ဏ(၂၆)နှစ်အား မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာမှ ၎င်းသည် KIA အဖွဲ့ထံတွင် စစ်အခြေခံနှင့် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း စစ်ဆေး သိရှိရသည်။

စိုးဝဏ္ဏ အား စစ်ဆေးမေးမြန်းချက်ရ ၎င်း၏ သူငယ်ချင်းဖြစ်သူ ပြည့်လျှံမြင့်၊ မျိုးမင်းဟန်တို့နှင့်အတူ KIA အဖွဲ့မှ မျိုးအောင်ဆိုသူ၏ ချိတ်ဆက်ပေးမှုအရ မတ် ၂၅ ရက်တွင် “ရွှေမူဆယ်” မှန်လုံယာဉ်ဖြင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာခဲ့ကြောင်း၊ မန္တလေးမြို့သို့ ရောက်ရှိပြီးနောက် မတ် ၂၆ ရက်တွင် ခရီးသည်တင်ယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ မတ် ၂၇ ရက်တွင် KIA အဖွဲ့မှ စီစဉ်ပေးသော Hiace မှန်လုံယာဉ်ဖြင့် မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

အဆိုပါယာဉ်ပေါ်တွင် ၎င်းတို့နှင့်အတူ သင်တန်းတက်ရောက်မည့် အမျိုးသား ၂ ဦးလိုက်ပါလာခဲ့ပြီး လိုင်ဇာမြို့အဝင်တွင် တစ်ညအိပ်ခဲ့ရကြောင်း၊ မတ် ၂၈ ရက်တွင် ၎င်းတို့နှင့်အတူ သင်တန်းတက်ရောက်မည့် အခြားအမျိုးသား ၇ ဦးအား မြေသယ် ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်၍ လိုက်ပါခဲ့ရာ မိနစ် ၂၀ ခန့်အကြာတွင် လိုင်ဇာမြို့၏ အရှေ့ဘက်တောင်ပေါ်ရှိ KIA သင်တန်းကျောင်းနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

သင်တန်းနေရာ၌ လူ ၆၀ ဆံ့ သင်တန်းသားအိပ်ဆောင် ၂ လုံး၊ လူ ၂၀ ဆံ့ ရွက်ဖျင်တဲ ၉ လုံးရှိကြောင်း၊ ၎င်းနေရာ၌ သင်တန်းအမှတ်စဉ်(၁) (Z-1)နှင့် အမှတ်စဉ်(၂) (Z-2)တို့ကို ဖွင့်လှစ်ခဲ့ပြီး ယခုအမှတ်စဉ်(၃) (Z-3) ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ (Z-3) သင်တန်းအား ဧပြီ ၂၀ ရက်မှ မေ ၁၄ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်းနှင့် သင်တန်း၌ မိုင်းပြုလုပ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ငယ်ပစ်ခတ်ခြင်းတို့ကို လေ့ကျင့် ပေးခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲအား မေ ၁၅ ရက်တွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ KIA အဖွဲ့မှ တာဝန်ရှိသူ ၁ ဦး အပါအဝင် နည်းပြများ၊ NLD ပါတီမှ ဦးမျိုးဇော်အောင် (ကောလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) အပါအဝင် NLD ပါတီဝင် ၃ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုးဝဏ္ဏ အပါအဝင် သင်တန်းတက်ရောက်ခဲ့သူများသည် မေ ၁၈ ရက်တွင် အုပ်စုများခွဲ၍ ပြန်လည်ထွက်ခွာခဲ့ရာ ဇွန် ၆ ရက်တွင် စိုးဝဏ္ဏနှင့် အခြားသင်တန်းသား ၄ ဦးမှာ မဘိမ်းမြို့နယ်၊ မနားလေးကျေးရွာအနီးသို့ ရောက်ရှိခဲ့ပြီး ညအိပ်ခဲ့ကြောင်း၊ ဇွန် ၇ ရက်တွင် မနားလေးကျေးရွာအနီးမှတစ်ဆင့် “စိန်အာရှ” မှန်လုံယာဉ်ဖြင့် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ် ကြောင်း သိရှိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ စစ်သင်တန်းတက်ရောက်ခဲ့သူ စိုးဝဏ္ဏအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။