Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ဇွန်  ၂၂

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပမည့်  Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  MFF   Futsal Stadium  ၌  ကျင်းပခဲ့ကြောင်း  သိရသည်။

အဆိုပါပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်၊ ဖူဆယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ MFF အကြံပေး ဦးဘန်နီတင်အောင်၊ MFF အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ MFF မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အသင်းများအား ထောက်ပံ့ငွေကျပ်သိန်း  ၅၀ နှင့် ပြိုင်ပွဲဝင်အသင်းများအား   ဘောလုံးများပေးအပ်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့သည့် Combine Team နှင့် Bushido Team အသင်းတို့    ကစားခဲ့သည့် ပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ၏  အုပ်စုအဆင့်ပွဲစဉ်များကို ယနေ့မှစတင်ပြီး  ဇူလိုင်လ ၈  ရက်ထိ လည်းကောင်း၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ဇူလိုင်လ ၁၀ ရက်မှ ၁၄ ရက်ထိလည်းကောင်း၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင်လ ၁၆ ရက်တွင်လည်းကောင်း၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို   ဇူလိုင်လ ၁၈ ရက်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခွင့် ရရှိသော အသင်းများအနေဖြင့်   MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး   နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်သော    အသင်းနှစ်သင်းသည် MFF Futsal Championship 2024 ပြိုင်ပွဲသို့ ဝင်ရောက် ကစားနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်

Dates: 
Tuesday, July 2, 2024 - 22:16