NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများ/လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး

NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများ/လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး၊ ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူနှင့် ၎င်း၏ညီမအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်

 
နေပြည်တော်၊ ဇွန် - ၇

 
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ကျောင်းသား၊ ဆရာ၊ မိဘများ အား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက် အကူပြု ပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ် များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၆ ရက် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဆရာမကြီးဖြစ်သူ ဒေါ်မိုးမိုးခိုင် (ဘ) ဦးအေး နှင့် ၎င်း၏ညီမဖြစ်သူ ဒေါ်ကေဇာခိုင် တို့သည် နေအိမ်၌ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းအုပ်ဆရာမကြီးဖြစ်သူနှင့် ၎င်း၏ညီမတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဥသျှစ်ကြီးကျေးရွာနေ ဆားတောင်အခြေခံပညာအထက်ကျောင်းမှာ စာရေးဖြစ်သူ ဒေါ်နိုင်နိုင်မော် (ဘ) ဦးတုတ်စံ သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လာရောက်၍ ကျေးရွာ၏တောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ သည်။

 
ထို့အတူ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ၊ နောင်ပါခါးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ကျောင်းဝန်းတံခါးအနီး ကျောပိုးအိပ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံးနှင့် ကျောင်း ဆောင်အောက်ခြေလှေကား အနီးမှ လက်လုပ်မိုင်းတစ်လုံးတို့အား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။

 
အလားတူ မုံရွာမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်းအနီးသို့ နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိ ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေ ရန်ရည်ရွယ်၍ ဆရာ၊ ဆရာမများ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းအဆောက် အဦများနှင့် အခြားအုပ်ချုပ်မှုအဆောက်အဦများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သူများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြည်သူများနှင့် ပူးပေါင်း ၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။