Rescue Task Force (RTF) အဖွဲ့ဝင် ၇ ဦး သထုံမြို့သို့ ပြန်လည်ရောက်ရှိမှု

Rescue Task Force (RTF) အဖွဲ့ဝင် ၇ ဦး သထုံမြို့သို့ ပြန်လည်ရောက်ရှိမှု

နေပြည်တော်၊ မတ်လ ၁၄
    
Rescue Task Force (RTF) အဖွဲ့ဝင်အချို့သည် မတ်လ ၈ ရက်နေ့တွင် ကျိုက်ထိုမြို့၊ ဟိုတယ်တစ်ခုသို့ရောက်ရှိခဲ့စဉ် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့ပြောပြချက်အရ (RTF)အဖွဲ့ဝင် ၁၇ ဦးခန့်သည် ဒုဥက္ကဌ မင်းခန့်ကျော် ဦးစီး၍ မတ်လ ပထမပတ်အတွင်း ရန်ကုန်မှ ဘီးလင်း ၎င်းမှတစ်ဆင့် KNU နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ တိမ်းရှောင်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။
    
၎င်းဖြစ်စဉ်ပါ တိမ်းရှောင်သွားသူ ၁၇ ဦးအနက်မှ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇ ဦးသည် မတ်လ ၁၃ ရက် ညပိုင်းတွင် သထုံမြို့သို့ ပြန်လည်ရောက်ရှိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာ ၎င်းတို့အဖွဲ့ ၁၇ ဦးသည် မတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့မှ အငှားယာဉ်ဖြင့် ထွက်ခွါခဲ့ကာ ဘီးလင်းမြို့နယ်၊ မဲလန်ကျေးရွာသို့ရောက်ရှိပြီး ဘုန်းကြီးကျောင်းတွင် ညအိပ်ခဲ့ကြောင်း၊ ၎င်းနောက် ခေါင်းဆောင်ဖြစ်သူ မင်းခန့်ကျော်မှ KNU နယ်မြေအတွင်း ဆေးဝါးကုသခြင်းသင်တန်းပေးမည်ဟုသိရှိရပြီး ကရင်အမျိုးသား ၂ ဦးမှ ၎င်းတို့အဖွဲ့ကို လာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် ကရင်တိုင်းရင်းသားကျေးရွာ တစ်ရွာအတွင်း စာသင်ကျောင်းတစ်ခုသို့ရောက်ရှိခဲ့ကြောင်း၊ ၎င်းနေရာတွင် KNU အဖွဲ့ဝင်ဟု ယူဆရသူ အရပ်ဝတ်ဖြင့် လူအချို့လာရောက်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးမှုမရှိသဖြင့် ၎င်းတို့အဖွဲ့မှ ၁၀ ဦးသည် ၎င်းတို့အဖွဲ့ ၇ ဦးထက် ၂ ရက်စောကာ ၎င်းနယ်မြေမှ ပြန်လည်ထွက်ခွါသွားကြောင်း သိရှိရပြီး ၎င်းတို့အဖွဲ့ ၇ ဦးသည် မတ်လ ၁၃ ရက်နေ့ တွင် သထုံမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
    
ဖော်ပြပါဖြစ်စဉ်များအရ လူငယ်ထုများသည် အတွေးအမြင် စဉ်းစားဆုံးဖြတ်နိုင်မှုအားနည်း စွာဖြင့် သွေးထိုးမြှောက်ပင့် စည်းရုံးလှုံ့ဆော်နေသူများ၏ ဝါဒမှိုင်းတိုက်မှုကြောင့် လမ်းမှားသို့ ရောက်ရှိနိုင်သည့် အခြေအနေသို့ ဦးတည်နေသည်ကို တွေ့ရှိရပါသဖြင့် မိဘဖြစ်သူ လူထုအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။