တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ

နေပြည်တော်  ဧပြီ  ၅

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၁၈၃၂၃ ဦး၊ အတွင်းလူနာ ၄၄၈၂  ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၅၅၁၉ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ   ၂၈၆၉ ဦး၊ စုစုပေါင်း ၈၃၈၈ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာ ရှိသည့်လူနာ များကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားလူနာ ၂၉၁၇ ဦးကို ခွဲစိတ်မွေးဖွား ပေးနိုင်ခဲ့ကာ ၄၅၃၅ ဦးကို  သာမန်မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့်  ယနေ့အထိ ကလေးငယ် ၇၄၅၂ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား    ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း   သတင်းရရှိသည်။