မြိတ်မြို့ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်ခဲ့သည့် ခရီးသည်တင်လှေအား ကူညီကယ်ဆယ်

နေပြည်တော်၊ ဧပြီ - ၅

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံ ရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၄ ရက် ည ၆ နာရီခွဲခန့်တွင် မအိုင်ကျွန်း၏ အရှေ့တောင်ဘက်ရေမိုင် ၅ မိုင်ခန့်အကွာ၌ ခရီးသည်တင်လှေ ၁ စီး ကျောက်ဆောင်နှင့် တိုက်မိပြီး ရေဝင်နစ်မြုပ်နေကြောင်း သတင်းအရ သွားရောက် ရှာဖွေ ရာ လှေပေါ်ပါ လှေသား ၃ ဦးနှင့် ခရီးသည် ၂၀ ဦးတို့အား ဒေသခံလှေငယ် ၄ စီးမှ ကယ်ဆယ်ထားကြောင်းတွေ့ရှိရသဖြင့် ၎င်းနစ်မြုပ်လှေပေါ်မှ လှေသားများနှင့် ခရီးသည်များအား စစ်ရေယာဉ်ပေါ်သို့ ပြောင်းရွှေ့ တင်ဆောင်ကာ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းများ ဆောင်ရွက် ပေးသည်။

          အဆိုပါရေဝင်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့် လှေသားများနှင့် ခရီးသည်များအား ရေကန်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။