နေပြည်တော် ဧပြီ ၆
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည် များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်း ဟောင်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်း ဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ပဲ၊ ဆား စားသောက်ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် အလှူရှင်များက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။