လူတိုင်းချမ်းသာဤကမ္ဘာ ကျန်းမာကြစေရာ

လူသားတိုင်းအတွက် အရေးကြီးဆုံး အရာသည် ကျန်းမာရေးဖြစ်ပေသည်။ ကျန်းမာရေးကောင်းမွန်မှသာ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်ဝကြပေမည်။ ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမမာဖြစ်သောအခါမှ ပိုမို၍ နားလည်ကြသည်။ မြတ်ဘုရားရှင်က အာရောဂျံ ပရမံ လာဘံ-ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟူ၍ မိန့်တော်မူထားသည်။ လူတိုင်းသည် လာဘ်ရလိုကြပါလျှင် ကျန်းမာအောင်နေ၍ သန်စွမ်းအောင်လေ့ကျင့်ကြရမည်သာ ဖြစ်သည်။ ကျန်းမာအောင် နေထိုင်ရန် ခက်လှသည် မဟုတ်ပါ။ ယနေ့ကဲ့သို့ တိုးတက်နေသောခေတ်ကြီးတွင် မြဝတီရောင်စုံသတင်းစာတွင် နေ့စဉ်ဖော်ပြပေးနေသော ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများကို ဖတ်ရှုမှတ်သားလိုက်နာခြင်းဖြင့် ကျန်းမာအောင် နေထိုင်နိုင်ကြပါသည်။

လူတိုင်းအတွက် ကျန်းမာရေးသည် အလွန်အရေးပါ အရာရောက်သည့်အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကိုပင်  ဖွဲ့စည်းတည်ထောင်ထားသည်။ World Health Organization (WHO) သည် ကုလသမဂ္ဂ၏ အထူးအေဂျင်စီအဖွဲ့တစ်ခု ဖြစ်သည်။  ၁၉၄၆ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီမှ ကြီးမှူးကျင်းပသော နိုင်ငံတကာကျန်းမာရေးညီလာခံမှ WHO ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချမှတ်အတည်ပြုပေးခဲ့ပြီး  ၁၉၄၈ ခုနှစ် ဧပြီ ရက်တွင် စတင်ပေါ်ပေါက်လာသည်။  ထို့ကြောင့် နှစ်စဉ် ဧပြီ ရက်ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် သတ်မှတ်ထားရှိသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဌာနချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင်ထားရှိပြီး နှစ်စဉ်ညီလာခံအား ဂျီနီဗာမြို့တွင် ကျင်းပသည်။ မြန်မာနိုင်ငံသည် ၁၉၅၄ ခုနှစ်တွင် WHO သို့ဝင်ရောက်ထားသည်။ ကမ္ဘာကြီးတွင် ရောဂါတစ်ခုခုဖြစ်ပွားလာပါက ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် ရောဂါထိန်းချုပ်ရေး၊ ပတ်ဝန်းကျင် ကျန်းမာရေး၊ မိသားစုကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ကျန်းမာရေးလုပ်သားများ သင်တန်းပို့ချရေး၊ ကျန်းမာရေး လုပ်ငန်းတိုးမြှင့်ရေး၊ ဆေးဝါးမူဝါဒများချမှတ်ရေး၊ သုတေသနပြုစုရေးတို့ကို အကူအညီပေးလျက်ရှိသည်။ WHO

အဖွဲ့ကြီးတွင် ရည်ရွယ်ချက်လေးခု ရှိသော်လည်း အဓိကရည်မှန်းချက်မှာ မြင့်မားနိုင်သမျှ အမြင့်မားဆုံးသော ကျန်းမာရေးကို ကမ္ဘာ့ပြည်သူများ အားလုံးရရှိစေရန် ဖြစ်သည်။

၂၀၁၉ ဒီဇင်ဘာလမှစတင်ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။ နိုင်ငံအများအပြားတွင် ကူးစက်မှုနှုန်းမြင့်မားပြီး လူသေဆုံးမှုလည်း များပြားလျက်ရှိသည်။ WHO သည် ယင်း၏ မူလရည်မှန်းချက်အတိုင်း ရောဂါကာကွယ် ထိန်းချုပ်ရေးကို အဓိကဆောင်ရွက်ပေးလျက်ရှိသည်။ COVID-19 ရောဂါကာကွယ်ဆေးများ ပေါ်ပေါက်လာသော်လည်း ရောဂါမှာထိန်းချုပ်ရန် ခက်ခဲနေသေးသည်။ ကမ္ဘာတစ်ဝန်းတွင် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်မျိုးစိတ်သစ်များ ပြန့်ပွားလျက်ရှိကြောင်း  ဧပြီ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ထားသည်။ ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာဖြင့် COVID-19 ရောဂါကူးစက်ခံရမှုများ မြင့်တက်နေကြောင်း၊ အဆိုပါရောဂါဖြစ်ပွားမှုမြင့်တက်သောနိုင်ငံများတွင် ဘရာဇီး၊ အမေရိကန်၊ အိန္ဒိယ၊ ပြင်သစ်နှင့် ပိုလန်နိုင်ငံတို့ ပါဝင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ပြောကြားချက်အရ ဗြိတိန်ဗီဇပြောင်းဗိုင်းရပ်သည် နိုင်ငံပေါင်း ၁၃၀ နှင့် ဒေသငါးခုသို့ ပျံ့နှံ့သွားကြောင်း၊ ဗီဇပြောင်းဗိုင်းရပ်၏ မျိုးပွားမှု လျင်မြန်ခြင်းကြောင့် လူသားများ၏ ရောဂါခုခံနိုင်စွမ်း အကျိုးသက်ရောက်ပုံကို လေ့လာနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ကြောင့် ယနေ့ကမ္ဘာကြီးတွင် COVID-19 ရောဂါကာကွယ်ဆေးရှိနေပြီ ဆိုသော်လည်း ပေါ့ပေါ့ဆဆ နေထိုင်၍ မဖြစ်သေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးသကဲ့သို့ရှိနေသည်။ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများ အနေဖြင့်လည်း COVID-19 ရောဂါနှင့်ကျန်းမာရေးဆိုင်ရာ ပြုမူနေထိုင်ရမည့် လမ်းညွှန်ချက် များအတိုင်း နေထိုင်မှသာ ကျန်းမာရေးအတွက် စိတ်ချရမည်ဖြစ်သည်။ အနိမ့်ဆုံးအဆင့် အခြေခံအချက်များ ဖြစ်သော နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ လက်ကိုအမြဲမပြတ် စင်ကြယ်စွာ ဆေးကြောခြင်းတို့ကို မဖြစ်မနေ လိုက်နာလုပ်ဆောင်သင့်ကြပေသည်။

ကျန်းမာခြင်း ဆိုသည်မှာ ခန္ဓာကိုယ်ချို့ယွင်းမှုကင်း၍ ရောဂါဘယကင်းရှင်းရုံ သာမက ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ လူမှုရေးသုခနှင့် ပြည့်စုံခြင်းတို့ကို ဆိုလိုခြင်းဖြစ်သည်။ အရည်အသွေးပြည့် ကျန်းမာရေး လူတိုင်းရအောင် ဆောင်ရွက်ပေးဆိုသည့်အတိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် ကျန်းမာရေးအတွက် တပ်မတော်က အပြည့်အဝ ကူညီစောင့်ရှောက်လျက်ရှိသည်။  အချို့သောဆေးရုံများတွင်  အရပ်ဘက်ဆရာဝန်အချို့က ဆေးရုံများကို စွန့်ခွာသွားကြသဖြင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဤသည်မှာ လူတိုင်းချမ်းသာ ဤကမ္ဘာ ကျန်းမာကြစေရာ ဟူသော စိတ်ရင်းစေတနာအမှန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။