ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ (၆၄)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဧပြီ  ၆

ဧရာဝတီတိုင်းဒေသကြီး၊   ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ် ကြီး၌ (၆၄)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို  စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်ဆောင်း၌ COVID-19 ကာကွယ်ထိန်းချုပ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်အဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သံဃာတော်များနှင့် တက်ရောက်လာကြသူများက “နမောတဿ” (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို  ဖွင့်လှစ်ကြသည်။ ထို့နောက် နိဂြောဓါရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် နိုင်ငံတော်သံဃမဟာ နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတက သြဝါဒကထာချီးမြှင့်တော်မူပြီး သန္တာရုံ(ဆား)ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မသာမိက အောင်ဘိသိက်သွန်း

မင်္ဂလာဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်သည်။ ယင်းနောက်  မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒိမာက အဘိဓမ္မာနိဂုံး ဂါထာတော်ဖြင့်   ရွတ်ဖတ်ပူဇော်သည်။ ၎င်းနောက်    တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော် ၆၇ ပါးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍  ဝေဠုဝန်ကျောင်းတိုက် ပဓာနနာယကဆရာတော်  ဘဒ္ဒန္တဝိစက္ခဏ ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး တက်ရောက်လာကြသူများက  “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍    အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။