မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့်အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ဧပြီ ၇

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးများ ရယူသုံးစွဲခဲ့မှုများ အပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မွန်ပြည်နယ်၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် မွန်ပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်သည့် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ် ကာလအတွင်း တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်၍ ၂၀၁၈ ခုနှစ်မှ စတင်၍ သံလွင်မြစ်အတွင်း သဲများစုပ်ယူ ထုတ်လုပ်ခဲ့ရာတွင် လုပ်ငန်းရှင်များထံမှ စုစုပေါင်း ငွေကျပ် ၅၆၉၈၀၉၂၅ဝိ/- (ကျပ်သိန်း ငါးထောင်ခြောက်ရာကိုးဆယ်ကျော်)ကို ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း၊ သဲသောင်တူးဖော်ရေး လုပ်ငန်းတွင် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေစာရင်းသို့ အမှန်တကယ် ပေးသွင်းရမည့် ဓာတ်သတ္ထုခွန်အား လုပ်ပိုင်ခွင့်မရှိဘဲ လျော့နည်းပေးသွင်းရန် ခွင့်ပြုခဲ့ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ရရှိမည့် ဘဏ္ဍာငွေကျပ် ၁၃၂၃၅၇၆၆ဝိ/- (ကျပ်သိန်း တစ်ထောင်သုံးရာ နှစ်ဆယ်ကျော်) နစ်နာဆုံးရှုံးခဲ့ကြောင်း၊ Covid-19 ရန်ပုံငွေ များမှ ငွေကျပ် သိန်း (၂၀၀)ကို ပုဂ္ဂိုလ်ရေးအရ အခြားသူတစ်ဦးသို့ ခေတ္တထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှု မရှိခြင်း၊ အခြားပုဂ္ဂိုလ်နှစ်ဦးသို့ ငွေကျပ် သိန်း(၆၅၀) ထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှု မရှိခြင်းတို့သည် နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါက်တာအေးဇံ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။