(၂၈) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ အခမ်းအနား ဆက်လက်ကျင်းပ

ရန်ကုန်  ဧပြီ  ၇

  (၂၈) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယ နေ့ကို ယနေ့နံနက်(၉:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နှင့် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ Online စနစ် Virtual Conference ဖြင့် တစ်ပြိုင်နက်တည်း ဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကိုကိုလွင်၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ တပ်မှူးများ၊ တပ်ရင်းမှူးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများ၊ စင်္ကာပူ၊ လာအို ၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများမ ှဆေးပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ ထို့အပြင် အခြားတပ်မတော် ဆေးရုံ/ ဆေးတပ်အသီးသီးသည် Internet မှတစ်ဆင့် နေရာ (၁၆၂) ခုမှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ ကျွမ်းကျင်သူ စုစုပေါင်း (၆၇၄)ဦး တက်ရောက်ကြသည်။

   ယင်းနေ့တွင် “Clinicopathological Conference” ၊ “Special Talk” ၆ ခု၊ “Debate Session” နှင့် Symposium အဖြစ် “Update on Management of Cervical Cancer” ၊ “Digital Dentistry” ၊ “Brain and Cognition” ၊ “E-learning: Meeting the Challenges” ၊ “Therapy of Hepatitis B: Today and Tomorrow” ၊ “Septicaemia: Challenges for Physician” နှင့် “Better Balance for Secure Movement” တို့အား ဆွေးနွေး ကျင်းပ ပြုလုပ်ခဲ့ပါသည်။

  ၎င်းအပြင် သုတေသန စာတမ်းများအဖြစ် ဆေးပညာ၊ ပြည်သူ့ကျန်းမာရေး ဆေးပညာ၊ စိတ်ကျန်းမာရေး ပညာနှင့် ဇီဝဓာတုဗေဒ စသည့် ဘာသာရပ်ဆိုင်ရာ စုစုပေါင်း သုတေသန စာတမ်း ၁၅ စောင် တို့အား ပါဝင်ဖတ်ကြား တင်သွင်းခဲ့ကြသည်။

ထို့နောက် ဆုရွေးချယ်ရေးအဖွဲ့မှ အကောင်းဆုံး သုတေသနစာတမ်းနှင့် ပိုစတာ ဆုများအတွက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများနှင့် Young Researcher Award ရရှိခဲ့သည့် သုတေသနစာတမ်း၊ ပိုစတာဆုရှင်များအား ကြေညာပြီးနောက် တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကိုကိုလွင် က အမှာစကား ပြောကြားကာ (၂၈)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သတင်း ရရှိပါသည်။