ပုလဲမြို့နယ်၊ ကြိုးကြာဥကျေးရွာနှင့်  ရွာထင်ကျေးရွာနေ ပြည်သူများအား ဆူပူ အကြမ်းဖက်သူများက မီးရှို့သတ်ဖြတ်

နေပြည်တော်၊ ဧပြီ - ၇

    စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ ကြိုးကြာဉကျေးရွာနေ ဦးမောင်နိုင်(ဘ) ဦးဘိုလေးနှင့် ရွာထင်ကျေးရွာနေ ဦးကျော်ဆန်းလင်း(ဘ)ဦးဖေတင့်နှင့် ဦးခင်မောင်ဆွေ (ဘ)ဦးဖေတင့် တို့အား ရွာထင်ကျေးရွာမှ ဆူပူ အကြမ်းဖက်သူများက ယနေ့တွင် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

 ဖြစ်စဉ်မှာ ကြိုးကြာဉကျေးရွာနေ ဦးမောင်နိုင်(ဘ) ဦးဘိုလေးနှင့် ဇနီးဖြစ်သူ ဒေါ်စန်းစန်းဦး(ဘ)ဦးကံသိန်း တို့၏  နေအိမ်အား ယနေ့နံနက် ၄ နာရီခွဲခန့်တွင် ရွာထင် ကျေးရွာနေ ဆူပူအကြမ်းဖက်သူ လူတစ်စုက နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ အိမ်ဝန်းခြံစည်းရိုးအား ဖျက်ဆီး၍ နေအိမ်အတွင်းသို့ ဝင်ရောက်၍ တုတ်၊ ဓားများဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့ရာ ဒေါ်စန်းစန်းဦးတွင် နောက်ကျောဘက် ထိုးသွင်းဒဏ်ရာ ၃ ချက် ရရှိခဲ့ပြီး ဦးမောင်နိုင်အား ရိုက်နှက်၍ ရွာထင်ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ၊ ထိုသို့ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နံနက် ၉ နာရီခန့်တွင် ရွာထင်ကျေးရွာသို့ သွားရောက်ရှာဖွေရာ  ကျေးရွာအတွင်း လူများမတွေ့ရှိရဘဲ ရွာ၏ အနောက်ဘက်ရှိ သင်္ချိုင်းအတွင်း၌ မီးလောင်သေဆုံးနေသည့် အလောင်း ၃ လောင်းအား တွေ့ရှိခဲ့သဖြင့် ရွာသာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ မီးရှို့အသတ်ခံရသူ ၃ ဦးမှာ ဦးမောင်နိုင်(ဘ)ဦးဘိုလေးနှင့် ရွာထင်ကျေးရွာ သားများဖြစ်သည့် ဦးကျော်ဆန်းလင်း (ဘ)ဦးဖေတင့်နှင့် ဦးခင်မောင်ဆွေ(ဘ) ဦးဖေတင့်တို့၏ အလောင်းများဖြစ်ကြောင်း၊ ဖြစ်စဉ်အား ထပ်မံစုံစမ်းခဲ့ရာ ရွာထင်ကျေးရွာနေ ဦးကျော်ဆန်းလင်းနှင့် ဦးခင်မောင်ဆွေ တို့ ၂ ဦးသည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ဦးကျောက်လုံး(ဘ)ဦးညွန့်ဆောင်၊ ဦးဟိန်းမြင့်ဦး(ဘ)ဦးရွှေ၊ ဒေါ်စုမာဝင်း(ဘ) ဦးညွန့်ဆောင်၊ ဦးကျော်ရှိန်ဦး(ဘ)ဦးဘိုလွင်၊ ဦးဖိုးစိန်(ဘ)ဦးချစ်ပို တို့ ဦးဆောင်သည့် ဆူပူအကြမ်းဖက်သူ အင်အား ၂၀၀ ဦးခန့်က ကြိုးကြာဉကျေးရွာနေ မောင်နိုင်ကို ရွာထင်ကျေးရွာအား မီးရှို့သည်ဟု စွပ်စွဲပြောဆို၍ ဖမ်းဆီး ခေါ်ဆောင်လာကြောင်း၊ ကျေးရွာအား မီးရှို့စေခိုင်းသူမှာ ဦးကျော်ဆန်းလင်း ဖြစ်သည်ဟု စွပ်စွဲပြောဆို၍ နေအိမ်အတွင်း ဝင်ရောက်တိုက်ခိုက်၍ ဦးကျော်ဆန်းလင်းနှင့် ဦးခင်မောင်ဆွေ တို့ ၂ ဦးအား ထပ်မံဖမ်းဆီးပြီး ရွာထင်ကျေးရွာ သင်္ချိုင်းသို့ ခေါ်ဆောင်ကာ မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 အထက်ပါ မင်းမဲ့စရိုက်ဆန်စွာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်များကို ဦးဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအာ ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်း တွေ့ရှိခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်လျက်ရှိသဖြင့် အဆိုပါ ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိသည်။