ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID- 19 ရောဂါကာကွယ်ဆေးထိုးနှံ

နေပြည်တော်  ဧပြီ  ၇

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ   ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တိုင်းရင်းသား ပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကလောမြို့၊ ရပ်စောက်မြို့၊ ညောင်ရွှေမြို့၊ ပင်လောင်းမြို့၊  ပင်းတယမြို့၊  ရွာငံမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ဖယ်ခုံမြို့နှင့် ကယား ပြည်နယ်၊  လွိုင်ကော်မြို့၊  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့၊  ကြံခင်းမြို့၊ ပန်းတနော်မြို့၊  အင်္ဂပူမြို့နှင့်  ကန်ကြီးဒေါင့်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်   တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ    လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအား ဖူးမြော်ကြည်ညို၍   နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း  သတင်းရရှိသည်။