နေပြည်တော် ဧပြီ ၇
ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ပေးထားရာယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့်တိုင်း
ဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာသံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများက ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။
အလားတူ သက်ဆိုင်ရာ ဘာသာရေးကျောင်းများတွင်လည်း ဘာသာဝင်များက စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု လျက်ရှိကြကြောင်း သိရှိရသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ အပါအဝင် အခြားမြို့ကြီးများတွင်လည်း တည်ငြိမ် အေးချမ်းစွာဖြင့် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိပြီး ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထား ခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်း စွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက် ရှိကြောင်း သတင်းရရှိသည်။