ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ အမျိုးသမီး(၁)ဦး အသတ်ခံရမှုမှ ထွက်ပြေးတိမ်းရှောင် တရားခံ အောင်သူရဇော်(ခ) သူရ(ခ) ကတုံးအား ထပ်မံ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ  ၁၀

   ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေ အမျိုးသမီး(၁)ဦးအား တွံတေးမြို့နယ်၊ ဗျောက်ရိုးကျေးရွာအနီးတွင် ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့ပြီး တိမ်းရှောင်နေသူ လှမျိုးအောင်(ခ) ကိုမျိုး(ခ) ဝက်ကြီးနှင့် ၎င်း၏ ဇနီးတို့အား လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ ဝန်ခံထွက်ဆိုချက်အရ အမျိုးသမီးအား ဓားဖြင့် ၇ ချက် ရက်စက်စွာ ထိုးသတ်ခဲ့သူမှာ အောင်သူရဇော်(ခ) သူရ(ခ)ကတုံး ဖြစ်ကြောင်းနှင့် ၎င်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

    အဆိုပါလူသတ်မှုမှ ထွက်ပြေးတိမ်းရှောင် တရားခံ ကတုံး(ခ) သူရအား ဖမ်းဆီးရမိရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချင်းချင်း ချိတ်ဆက် သတင်းစုံစမ်းခြင်း၊ တာဝန်သိပြည်သူများထံမှ ရရှိသော သတင်းများအား ထပ်မံအတည်ပြု စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် အဆိုပါ ကတုံး(ခ) သူရမှာ ကော့မှူးမြို့နယ်၊ ပိန္နဲစမ်းကျေးရွာ၊ မြောက်ဘက် (၁)မိုင်ခန့်အကွာ ရာဘာတောအတွင်းရှိ လူမနေသည့် တဲအတွင်း ပုန်းအောင်း တိမ်းရှောင်နေထိုင်ကြောင်း သတင်းအရ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ အောင်သူရဇော်(ခ) သူရ(ခ) ကတုံး အား ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

    အမှုမှ ဖမ်းဆီးရမိထားသူ တရားခံ(၁၂)ဦးအား အသေးစိတ်ထပ်မံ စစ်ဆေးလျက်ရှိပြီး စစ်ဆေး ပေါ်ပေါက်သည့် ပါဝင်ပတ်သက် ကျူးလွန်သူများနှင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိသော တရားခံပြေးများဖြစ်သည့် မင်းခန့်၊ တင်တင်အေး၊ မပွင့်၊ အောင်နိုင်ကို နှင့် ဂျပန်ကြီးတို့အား ဆက်လက် ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဖမ်းဆီးရမိသူ များအားလည်း စစ်ခုံရုံးဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။