ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ၊ နောင်မွန်နယ်မြေ ရဲစခန်းအား လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင် အချို့ကျဆုံး၊ ဒဏ်ရာရရှိကာ၊ လက်နက်များ ပျောက်ဆုံး

နေပြည်တော်၊ ဧပြီ ၁၀

    ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ၊ နောင်မွန် နယ်မြေရဲစခန်းအား လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင် အချို့ကျဆုံး၊ ဒဏ်ရာရရှိကာ၊ လက်နက်များ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက် နံနက် ၅ နာရီ အချိန်တွင် လားရှိုးမြို့နယ်၊ နောင်မွန်နယ်မြေ ရဲစခန်းအား လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၃၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သာလွန်အင်အား အသုံးပြုကာ ရဲစခန်း၏ ရှေ့မျက်နှာစာနှင့် ဝဲ/ယာတို့မှ ဝိုင်းရံပိတ်ဆို့၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲစခန်းမှူး ဦးစီး တပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူ အင်အား များပြားမှုကြောင့် နံနက် ၆ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုများမှ ရဲစခန်းမှ ဆုတ်ခွာပေးခဲ့ရာ နံနက် ၆ နာရီခွဲအချိန်တွင် ရဲစခန်းအနီးရှိ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ သည်။

    နံနက် ၇ နာရီခွဲအချိန်တွင် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့သည် ရဲစခန်း အဆောက်အဦများအား မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ လားရှိုးမြို့ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ တိုက်ပွဲဖြစ်ပွားရာ နောင်မွန်နယ်မြေ ရဲစခန်းသို့ လိုအပ်သော လုံခြုံရေး အင်အားများ ထပ်မံဖြည့်တင်း ပူးပေါင်းနိုင်ရေး သွားရောက်ခဲ့ရာ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရဲစခန်းသို့ ရောက်ရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် အချို့ကျဆုံးကာ၊ ရဲတပ်ဖွဲ့ဝင် အချို့ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ရဲစခန်းရှိ လက်နက်များ ပျောက်ဆုံးလျက် ရှိသည်ကို တွေ့ရှိခဲ့ရသည်။

    ဖြစ်စဉ်တွင် နောင်မွန်နယ်မြေ ရဲစခန်းအား သာလွန်အင်အား အသုံးပြုကာ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်းများမှ ထပ်ကြပ်လိုက်လံ ပိတ်ဆို့ရှင်းလင်းလျက် ရှိကြောင်းနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။