ဘားအံမြို့နယ်ရှိ နယ်မြေခံတပ်အား ဆူပူအကြမ်းဖက်သူ လူတစ်စုက အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် ချဉ်းကပ်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်

နေပြည်တော်  ဧပြီ  ၁၀

ကရင်ပြည်နယ်၊   ဘားအံမြို့နယ်ရှိ နယ်မြေခံတပ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအနီးသို့ ယနေ့နံနက် ၁ နာရီခန့်တွင် ဘားအံ-သထုံကားလမ်းအတိုင်း DAIYANG-125 အမျိုးအစားဆိုင်ကယ်အား စီးနင်းမောင်းနှင်လာသည့် ဆူပူအကြမ်းဖက်သူလူတစ်စုက နယ်မြေခံတပ်၏ အမှတ်(၂)ဂိတ်အရှေ့အရောက်၌ ဆိုင်ကယ်အားရပ်တန့်၍  လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဆဲဆိုပြီး  ဂိတ်ကင်းနေရာသို့ ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  သတိပေးခြောက်လှန့်

ပစ်ခတ်ခဲ့ရာ      ဆူပူအကြမ်းဖက်သူ လူတစ်စုက ရပ်တန့်ခြင်းမရှိဘဲ ဂိတ်ကင်းသို့ ဆက်လက်ချဉ်းကပ်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက လက်နက်ငယ်ဖြင့် ၄ ချက်ခန့် ထပ်မံပစ်ခတ်ခဲ့သည်။ အဆိုပါနေရာအား သွားရောက် ရှာဖွေခဲ့ရာ ဆူပူအကြမ်းဖက်သူများဖြစ်သည့် အေးချမ်းမြိုင်ကွက်သစ်၊ မြိုင်ကလေးကျေးရွာအုပ်စု၊ ဘားအံမြို့နေမောင်တူး (ဘ)ဦးငြိမ်းချမ်းနှင့် အမည်(စိစစ်ဆဲ)၂ ဦးတို့မှာ လက်နက်ငယ်ကျည်ထိမှန် သေဆုံးနေသည်ကို တွေ့ရှိရပြီး အေးချမ်းမြိုင်ကွက်သစ်၊ မြိုင်ကလေးကျေးရွာအုပ်စု၊ ဘားအံမြို့နေ သူရအောင်(ဘ)ဦးထွားတွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကာ ၎င်းတို့နှင့်အတူ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် အလျား ၂ ပေ၊ အနံ ၂ လက်မခန့်ရှိ ဓားရှည် ၁ ချောင်း၊ ဝါးဆစ်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး၊ စနက်တံ ၁ ချောင်း၊ လေးခွ ၁ လက်၊ လောက်စာလုံး ၁၅ လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါ ဆူပူအကြမ်းဖက်သူများထဲမှ သေဆုံးသူများအား သက်ဆိုင်ရာ ရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်လျက်ရှိပြီး ဒဏ်ရာရရှိသူအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။