ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများနှင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်သူများအား ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၁၀

ဆူပူအကြမ်းဖက်သူများ အသုံးပြုလျက်ရှိသည့်  လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့်  ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ  ၉ ရက်တွင် ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၃)ရပ်၊  ချယ်ရီလမ်း၊  အိမ်အမှတ်(၁၆/၁၄၇၆)၌ ဟိုစွမ်း(ခ)ထားဝယ်(ဘ)ဦးစစ်လူအား လက်လုပ်သေနတ် ၂ လက်၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ မော်လမြိုင်မြို့၊    ရွှေမြိုင်သီရိရပ်ကွက်၊ ဒိုင်းဝန်းကွင်းလမ်းရှိ  ပြည့်စုံ(ခ)အောင်နိုင် (ဘ)ဦးထွန်းမောင်၏ နေအိမ်၌ မင်းဇာနည်ထွန်း(ဘ) ဦးစံထွန်းအား လက်လုပ်မိုင်း ၃ လုံး၊ မီးပုလင်း ၂၅ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊   သာကေတမြို့နယ်၊ (၈)ရပ်ကွက်နှင့် (၉)ရပ်ကွက်ကြား၊ ရှုခင်းသာလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်သည့်    ထူးဇေလွင်(ဘ) ဦးမြင့်ဝေအားလည်းကောင်း၊ ကျောက်တန်းမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ လမ်းမတော်လမ်း၊ လင်္ကာရာမကျောင်းတိုက်အတွင်းရှိ ရေကန်အတွင်းမှ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊   ၁၀/ခရပ်ကွက်၊ ခိုင်သဇင်လမ်းရှိ မဟာသျှီစတီ ဟိန္ဒူဘုရား ကျောင်းဝင်းအတွင်း၌ အောင်မြတ်ထွန်းအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း၊    ရန်ကင်းမြို့နယ်၊ (၁၂)ရပ်ကွက်၊ သစ္စာလမ်းမကြီးနှင့် လူငယ်သစ္စာလမ်းထောင့်၌ ဆူပူအကြမ်းဖက်သူ ဟိန်းထက်အောင် (ဘ)ဦးခင်မောင်ကြည်၊ စော်တေလ(ဘ)ဦးသန်းစိန်၊ မျိုးမြင့်ထွန်း(ဘ) ဦးသောင်းငွေ၊ အောင်မြင့်မြတ်(ဘ) ဦးတင်ထွန်းဇော်နှင့်    နန္ဒအောင်(ဘ)ဦးအောင်ဝင်းတို့ ၅ ဦးတို့အား လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ ဓမ္မရာဇာ(၂၇)လမ်းရှိ အိမ်အမှတ်(၂၄၃/ခ)၌ ဦးသိန်းထွေးမြင့်(ဘ)  ဦးချစ်လှနှင့် ဒေါ်စန္ဒာသွင်(ဘ) ဦးထွန်းသွင်တို့ ၂ ဦးအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း၊  လှည်းကူးမြို့နယ်၊ ကြာအင်းကြီးကျေးရွာ အလယ်၌ ဝေယံ(ခ)ဖိုးတုတ်(ဘ)ဦးတင်ခိုင်နှင့် ထက်တိုးအောင် (ဘ) ဦးအောင်ခိုင်တို့ ၂ ဦးအား လက်လုပ်မိုင်းမျိုးစုံ ၁၀ လုံး၊ အခြားဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း   ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

အလားတူ ယနေ့တွင် မြစ်သားမြို့နယ်၊ကူမဲမြို့၊   ရွှေကူမဲကျောင်းတိုက်အတွင်း၌ မျိုးအောင်(ခ)နောင်နောင် (ဘ)ဦးအောင်မြင့် အပါအဝင် အမျိုးသား ၄ ဦးအား ဂျင်ကလိများ၊ လက်လုပ်မိုင်းများ၊ အခြားဆက်စပ်ပစ္စည်း များဖြင့် လည်းကောင်း  ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

အထက်ပါ  ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်  လက်နက်များ၊  ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်း ရမိသူများကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ်မှုများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။