ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ နည်းလမ်းများအတိုင်း အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်

နေပြည်တော်   ဧပြီ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် လုံခြုံရေးယာဉ်တန်းအား ဆူပူအကြမ်းဖက်သူလူတစ်စုက ဧပြီလ ၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဥဿာမြို့သစ်၊ (၈)ရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်းမကြီး   မိုင်တိုင်အမှတ်၄၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံ အကြားနေရာသို့ အရောက်၌ ချိန်ကိုက်မိုင်း ၁ လုံးဖြင့် ပေါက်ကွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယာဉ်တန်းတွင် ပါဝင်သည့် ရှေ့ပြေးယာဉ်တွင် ဝဲတာယာပွန်းပဲ့၊ ရှေ့လေကာမှန်အက်၊ ဝဲဘက်မှန် ကွဲအက်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့နံနက် ၂ နာရီ ၄၀ မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်) ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား    ဆူပူအကြမ်းဖက်သူများက မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ    အဆိုပါနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ   သွားရောက် မီးငြှိမ်းသတ် ခဲ့သဖြင့် နံနက် ၃ နာရီခန့်တွင်  မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့်  အဆိုပါရုံး  မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင်    ချမ်းအေးသာစံမြို့နယ်၊ အရှေ့ရပ်ကွက်၊ ၈၁ လမ်း၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြားရှိ ဆိုင်ခန်း ၁ ခန်းရှေ့သို့ ဆူပူအကြမ်းဖက်သူ ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ပြီး အဆိုပါလက်လုပ်ဗုံးမှာ ဆိုင်ရှေ့ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူ၊ အဆောက်အဦထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ထို့အတူ နံနက် ၉ နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ က ကဉ္စနမဟီရပ်ကွက်၊ ၃၄ လမ်းနှင့် ၇၇ လမ်း၊ ရတနာပုံဈေး အရှေ့တောင်ထောင့်ရှိ  စည်ပင်သာယာအမှိုက်ကန်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ၁ လုံးအား Keypad ဖုန်း ၁ လုံးဖြင့် ချိတ်ဆက်၍ ဖောက်ခွဲခဲ့သည်ကို တွေ့ရှိရပြီး   အဆိုပါပေါက်ကွဲမှုကြောင့်  လူ၊  အဆောက်အဦထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

ထို့ပြင်  နံနက် ၉ နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊   ဟေမမာလာတောင်ရပ်ကွက်၊ လမ်း ၈၀၊ ၃၉ လမ်းနှင့် လမ်း ၄၀ အကြားရှိ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခွဲ ကျောင်းဝင်းအတွင်းသို့ ၃၉ လမ်းအတိုင်း ဆိုင်ကယ် ၁ စီးအား မောင်းနှင်လာသော အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ   အဆိုပါဗုံးမှာ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦထိခိုက်မှု မရှိကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၁ နာရီအချိန်ခန့်တွင် ပဲခူးမြို့နယ်၊  အမှတ်(၆)ရပ်ကွက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးဝင်းအတွင်း လက်လုပ်မိုင်း ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘောစေ့၊ အင်ဂျင်ဝိုင်၊ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ဖြင့် ပြုလုပ်ထားသော   လက်လုပ်မိုင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အသက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များအတွင်း အကြမ်းဖက်မှု လုပ်ရပ်ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ    ထိရောက်စွာ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။