တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံ ပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံကုသ

နေပြည်တော်  ဧပြီ  ၁၀

တိုင်းဒေသကြီးနှင့်   ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၃၂၇၁၆ ဦး၊ အတွင်းလူနာ ၄၂၃၄ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၆၂၅၄ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၃၂၆၉ ဦး၊ စုစုပေါင်း ၉၅၂၃ ဦးတို့ကို ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားလူနာ ၃၂၈၃ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၄၉၃၉ ဦးကို သာမန်မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၈၂၂၂ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။