ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID- 19 ရောဂါကာကွယ်ဆေးထိုးနှံ

နေပြည်တော်  ဧပြီ  ၁၀

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ    ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး   အသက်(၆၅)နှစ် အထက်သက်ကြီး ဘိုးဘွားများနှင့်  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား COVID- 19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်  ဆေးပစ္စည်းများအား တပ်မတော် လေယာဉ်များဖြင့်    သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ရွှေကျင်နိကာယ  ဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင်    သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များအား အဆိုပါတက္ကသိုလ်၌လည်းကောင်း၊   ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ ကလောမြို့၊  ရပ်စောက်မြို့၊  ဖယ်ခုံမြို့၊ ပင်လောင်းမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ရွာငံမြို့၊ မိုင်းပန်မြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့နှင့်  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး   COVID- 19 ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဆရာတော် သံဃာတော်များအား   ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ   ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။