နေပြည်တော်၊ ဧပြီ - ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၊ ငါးကန်လမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယနေ့နံနက် ၇ နာရီ ၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူများက မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက်ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့သည်။
အထက်ပါမီးလောင်မှုမျာ;ကြောင့် လူ၊ တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ရုံးများအတွင်းရှိ ပရိဘောဂများ၊ မျက်နှာကျက်များနှင့် စာရွက်စာတမ်းအချို့ မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် ဖြစ်စဉ်အား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။
၎င်းအပြင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြဝတီဘဏ်(ဈေးချို)အား ဆူပူအကြမ်းဖက်သူ ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး အချင်း ၁ လက်မခွဲ၊ အရှည် ၆ လက်မ သံပိုက်အထူဖြင့် ပြုလုပ်ထားပြီး သံတိုသံစများထည့်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဘဏ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်တစ်ဦးတွင် ဝဲဘက်၊ ယာဘက်ခြေသလုံး ပွင့်ထွက်ကျိုးဒဏ်ရာ ရရှိခဲ့သဖြင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
အလားတူ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး နှင့် တွဲလျက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့် တွင် လက်လုပ်မိုင်း ၁ လုံးဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ၊ တိရစ္ဆာန်ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၁)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် လှော်ကားလမ်းထောင့်၌ ရပ်နားထားသော YBS ယာဉ်များအကြား ယနေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ အဆိုပါနေရာတစ်ဝိုက်အား ဆက်လက်ရှာဖွေရာ မပေါက်ကွဲ သေးသည့် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိရသဖြင့် အများပြည်သူအန္တရာယ် မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်းနိုင်ခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၁၁)လမ်းရှိ ခရိုင်ရဲတပ်ဖွဲ့မှူး နေအိမ်ရှေ့ လူသွားလမ်းဘေး၌ ဆူပူအကြမ်းဖက်သူလူတစ်စုက ဒေသန္တရလက်လုပ်မိုင်း ၁ လုံးအား လာရောက်ချထားခဲ့ သဖြင့် အများပြည်သူအန္တရာယ်မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်း ဆည်းနိုင်ခဲ့သည်။
အထက်ပါဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။