နေပြည်တော်၊ ဧပြီ - ၁၃
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေပြန့်ကျောင်းတိုက်နှင့် သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာ၊ ဇရစ်ချောင် ကျောင်းတိုက်များရှိ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid- 19 ရောဂါကာ ကွယ်ရေးအထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများ ကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေပြန့်ကျောင်းတိုက်၊ သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာ၊ ဇရစ်ချောင် ကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်မင်္ဂလာကျောင်းတိုက်တို့ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူ များက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ရှိ စစ်မှုထမ်းဟောင်းမိသားစုဝင်ဘိုးဘွား ၃၂ ဦးအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေကျင်တပ်နယ်မှ တာဝန်ရှိ သူများက နယ်မြေခံတပ်နယ်ဓမ္မာရုံ၌ နှစ်သစ်ကူးအကြိုပူဇော်ကန်တော့၍ ဆန်၊ ဆီ၊ ပဲ၊ ကြက်ဉနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် နယ်မြေခံ တပ်မတော်ဆေးအဖွဲ့က စစ်မှုထမ်းဟောင်းမိသားစုဝင်ဘိုးဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
၎င်းအပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေပြန့်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များအား တပ်မတော်မှဆေးအဖွဲ့များက လိုအပ် သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။