ဖားကန့်မြို့နယ်အတွင် အများပြည်သူများ အေးချမ်းသာယာစွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား KIA အဖွဲ့က ရီမုမိုင်းဖြင့် တိုက်ခိုက်

နေပြည်တော်၊ ဧပြီ ၁၃

 

            ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲသည် ဖားကန့်မြို့ပေါ်ရပ်ကွက်များအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မော်တော်ယာဉ်များဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် အေးမြသာယာရပ်ကွက်၊ ဈေးလမ်းဆုံအရောက်တွင် KIA  အဖွဲ့မှ လှည့်ကင်းယာဉ်တန်းအား ရီမုမိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ၍ မရှီကထောင်ရပ်ကွက်အတွင်းသို့ ထွက်ပြေးသွားခဲ့သည်။

 

            အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် လှည့်ကင်းယာဉ်ပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဖြစ်စဉ်အနီးရှိ အပြစ်မဲ့အရပ်သားပြည်သူ ၅ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။

 

            အဆိုပါပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။