နေပြည်တော်၊ ဧပြီ ၁၃
ဆူပူအကြမ်းဖက်သူ လူစုလူဝေးများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအား တစ်နေ့ထက် တစ်နေ့ ပိုမိုလုပ်ဆောင်လာနေကြပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်များ၌ မြို့နယ်အချို့ရှိ နိုင်ငံတော်ပိုင်၊ အများပြည်သူပိုင်အဆောက်အဦများကို လက်လုပ် မိုင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရာခဲ့ရာတွင် ဧပြီလ ၁၃ ရက် နံနက် ၄ နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူ အင်အား (စိစစ်ဆဲ)မှ အဆိုပါရုံးအတွင်း ဝင်ရောက်မီးရှို့ခဲ့၍ မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် ရုံးအတွင်းရှိ ဘီရို ၃ လုံး၊ စားပွဲ ၂ လုံး၊ သစ်သားခုံရှည် ၂ လုံး၊ ကုလားထိုင် ၃ လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၄ နာရီ ၅ မိနစ်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဇေယျာလမ်းနှင့် ရန်ရှင်းလမ်းထောင့်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝင်ပေါက်တံခါးအနီး လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲထားပြီး ပေါက်ကွဲမှုကြောင့် ရုံးတံခါး ၁ ချပ်နှင့် မျက်နှာစာရှိ မျက်နှာကြပ်ကျောက်ပြားများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါသည်။
အလားတူ နံနက် ၆ နာရီ အချိန်တွင် မုံရွာမြို့၊ မုံရွာတက္ကသိုလ်တွင် လုံခြုံရေးဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေပြုနေသည့် တက္ကသိုလ်ဝင်ပေါက်ရှေ့သို့ ဆွမ်းအုပ်အဝိုင်း ဘက်မှ အကြမ်းဖက်သူ အမျိုးသား ၃ ဦး(စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးရောက်ရှိ လာပြီး လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်မိုင်းမှာ တက္ကသိုလ်ဝင်ပေါက်ရှေ့ ကျောက္ကာလမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီခွဲအချိန်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းလမ်းဆုံမှ ဗားကရာ လမ်းဘက်သို့ အကွေ့လမ်းလယ်ကျွန်း မြက်ခင်းပေါ်တွင် မသင်္ကာဖွယ်အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဒေသန္တရ လက်လုပ်ဗုံး ၁ လုံးဖြစ်ကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါလက်လုပ်ဗုံးအား အသက်မဲ့ပြုလုပ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၅ မိနစ်အချိန်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
အလားတူ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် တောင်သာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဦးစီးဌာနမှူးရုံးအား အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၁ စီး ဖြင့်ရောက်ရှိလာပြီး လက်လုပ်အသံမိုင်း ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါ လက်လုပ် အသံမိုင်းမှာ ကျေးလက်ဦးစီးဌာနမှူးရုံးဝင်းအတွင်းရှိ ကျောက်သပြေပင်အနီး ကျရောက်ပေါက်ကွဲ ခဲ့ပြီး လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သမိုင်းလမ်းဆုံ CITY MART အောက်ရှိ KBZ ATM ငွေထုတ်စက်အနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ချိန်ကိုက်စနစ်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၁ လုံးပေါက်ကွဲခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၈၄ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ အင်းဝဘဏ်သို့ ၂၆ လမ်းအတိုင်း အကြမ်းဖက်သူ အမျိုးသား ၂ ဦး (စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးမှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေး သွားခဲ့ရာ အဆိုပါလက်လုပ်မိုင်းမှာ အင်းဝဘဏ်ရှေ့ ဝဲဘက်ရှိ ပလက်ဖောင်းဘေးသို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းပြီး အသက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအတွင်း အကြမ်းဖက်မှုလုပ်ရပ်ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။