နေပြည်တော်၊ ဧပြီ ၁၅
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က နိုင်ငံတော် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သဖြင့် အမှုဖွင့်လှစ် ခံထားရသူများဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း(ခ)ဌေးလွင်နှင့် အဆိုတော် သရုပ်ဆောင် ပိုပို(ခ)ဝတ်ရည်မိုးတို့ ၂ ဦးအား ၎င်းတို့၏နေအိမ်များ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုင်ငံတော်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများနှင့် လှုံ့ဆော်မှုများတွင် ပါဝင်ပတ်သက်သူ များအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ တောင်ဥက္ကလာပမြို့မရဲစခန်း၌ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်လှစ် ခံထားရသည့် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂)ရပ်ကွက်၊ ယင်းမာလမ်း၊ အမှတ်(၁၃၄/၂)နေ အဆိုတော်သရုပ်ဆောင် ပိုပို(ခ)ဝတ်ရည်မိုးအား ညနေ ၃ နာရီအချိန်တွင် ၎င်း၏နေအိမ်၌ Military Coup End စသည့် စာသားပါ ဆန့်ကျင်စာသားများ ရေးသားထားသော ကတ်ထူ ဆိုင်းဘုတ်များ၊ ဖိုက်ဘာဦးထုပ် ၃ လုံး၊ မီးခိုးကာမျက်မှန် ၁ ခု၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အလားတူ ဗဟန်းမြို့မရဲစခန်း၌ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံထားရသည့် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ အမှတ်(၁၀၃)၊ တိုက် ဘီနေ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း(ခ)ဌေးလွင်အား ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိသူ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း(ခ)ဌေးလွင်နှင့် အဆိုတော် သရုပ်ဆောင် ပိုပို(ခ)ဝတ်ရည်မိုးတို့ ၂ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။