နေ့စဉ် YBS ယာဉ်အစီးရေ ၃၅ဝဝ ကျော်ပြေးဆွဲနေ၊ စီးနင်းသူ ၁၁ သိန်းကျော်ရှိ

ရန်ကုန်  သြဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများတွင် စီးနင်းသူခရီးသည် များပြားလာသဖြင့် ယာဉ်အစီးရေ  တိုးချဲ့ပြေးဆွဲ ပေးလျက်ရှိရာ သြဂုတ်စတုတ္ထပတ်တွင် တစ်ရက်လျှင် ယာဉ်အစီးရေ ၃၅ဝဝ ကျော်ပြေးဆွဲနေပြီး စီးနင်းသူ ၁၁ သိန်းကျော်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး  ဦးလှအောင် ထံမှသိရသည်။

''လက်ရှိ  ရန်ကုန်မြို့တွင်းမှာ နေ့စဉ့် YBS ယာဉ်အစီးရေ ၃၅ဝဝ ကျော် ပြန်လည်ပြေးဆွဲနေပါပြီ။ ခရီးသွားပြည်သူတွေရဲ့ စီးနင်းမှုကို ကောက်ယူတဲ့အခါ လူဦးရေ  ၁၁  သိန်းကျော်ရှိတယ်။ အခုဒီကာလမှာ လုပ်ငန်းတွေလည်း   ပြန်ပြီး လည်ပတ်လာတယ်။   သွားလာမှု

အစိတ်အပိုင်း တချို့လည်း ရှိလာတယ်။   အခု  COVID-19 ရောဂါ  ဒုတိယလှိုင်းပုံစံမျိုးမဖြစ်ဖို့  နိုင်ငံတော်ကလည်း  ကြပ်မတ်ဆောင်ရွက်နေတယ်။  ဒါကြောင့် YBS ယာဉ်တွေပေါ်မှာ Social    Distancing အားနည်းတဲ့အတွက် တစ်ကိုယ်ရေ ကာကွယ်နည်းကို 

ဦးစားပေးလိုပါတယ်။ Mask  တပ်တာတွေ၊ လက်ဆေးတာတွေ ပြုလုပ်ပြီး ဂရုစိုက်သွားလာ ကြစေလိုပါတယ်''  ဟု  ဦးလှအောင်က ပြောသည်။

COVID-19 ရောဂါမဖြစ်ပွားမီက ရန်ကုန်တိုင်းဒေသကြီး၌ YBS ယာဉ်လိုင်းပေါင်း ၁ဝ၂ လိုင်း၊  Shutter Bus ယာဉ်လိုင်း ၁ဝ လိုင်းနှင့် တခြားယာဉ်လိုင်းများ အပါအဝင် ယာဉ်လိုင်းပေါင်း ၁၃၇ လိုင်းဖြင့်  ပုံမှန်ပြေးဆွဲပေးခဲ့ရာ တစ်ရက်လျှင် YBS ယာဉ်အစီးရေ  ၄၄ဝဝ နှင့်  ၄၅ဝဝ ကြား ပြေးဆွဲပြီး တစ်ရက်လျှင် စီးနင်းသူ  ၁၈  သိန်းခန့် ရှိကြောင်း သိရသည်။