တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ - ၁၆

 

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်နှင့် ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူ အကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ၁၅ ရက်နှင့် ယနေ့တို့တွင် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံ ပြည်သူများကို တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်း ပြောကြား သည်။

 

ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘောပေါက်ကာ တူမီးသေနတ် ၁၂၂ လက်၊ လေသေနတ် ၉ လက်၊ လက်လုပ် သေနတ် ၁၂ လက်၊ ဒူးလေး ၂ လက်နှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီးလာရောက် အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။