မြန်မာအင်ဂျင်နီယာများကို ဂျပန်ပညာတော်သင်ဆုများ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်

ဂျပန်နိုင်ငံအစိုးရက မြန်မာအင်ဂျင်နီယာများကို    ပညာတော်သင်ဆုများ ပေးအပ်မည်ဖြစ်ရာ  ယင်းပညာတော်သင်ဆုများ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ  အင်ဂျင်နီယာ အသင်းချုပ်မှ သိရသည်။

'' ဒီပညာတော်သင်ဆုတွေက    ဂျပန်အစိုးရရဲ့အစီအစဉ်နဲ့ ကမ်းလှမ်းတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့  JDS Scholar- ship အစီအစဉ်အတွက် နေထိုင်စရိတ်၊ စားသောက်စရိတ်နဲ့ အသွားအပြန် လေယာဉ်စရိတ်တွေကို တာဝန်ယူပေးမှာပါ။ စိတ်ဝင်စားလို့ လျှောက်ထားမယ့်သူတွေအတွက်  သတ်မှတ်ချက်တွေကို အသေးစိတ် ထုတ်ပြန်ထားပေမယ့် ပုဂ္ဂလိက ကုမ္ပဏီ၊ အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေပြီး လုပ်သက်အနည်းဆုံး နှစ်နှစ်နဲ့အထက် ရှိတဲ့သူတွေကို ဦးစားပေး ရွေးချယ်မှာပါ'' ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုပညာတော်သင်ဆုများအတွက် ဂျပန်နိုင်ငံ၌  နှစ်နှစ်တက်ရောက် သင်ယူခွင့်ရမည်ဖြစ်ပြီး   မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ  အသင်းဝင် ဖြစ်ရမည့်အပြင် အသက် ၂၂ နှစ်မှ ၄ဝ ကြား ရှိရမည်ဖြစ်ကာ ပညာသင်ပြီးပါက မြန်မာနိုင်ငံ၌သာ ပြန်လည် အလုပ်လုပ်နိုင်ရမည်ဖြစ်သည်။

လျှောက်ထားလိုသူများ အနေဖြင့်  စက်တင်ဘာ ၅ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၌ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားလာသူများကို စက်တင်ဘာ ၇ ရက်တွင် General English  နှင့်ပတ်သက်၍ ရေးဖြေစစ်ဆေးမှုများ၊ စက်တင်ဘာ ၈ ရက်တွင် General Englishနှင့်  လျှောက်ထားသည့် ပညာတော်သင်ဆုနှင့် ပတ်သက်သော နယ်ပယ်ဆိုင်ရာ ပညာရပ်များအတွက် အင်တာဗျူး မေးမြန်းမှုများပြုလုပ်ကာ ရွေးချယ်ရန် စီစဉ်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံမှပေးအပ်မည့်  ပညာတော်သင်ဆုများမှာ  Transportation   & Traffic ၊  Electric Power & Energy နှင့့် Urban Development Planning ဘာသာရပ်တို့ဖြစ်ပြီး Transportation  &  Traffic ဘာသာရပ်နှင့့် Urban  Development Planning ဘာသာရပ်တို့ကို Yokohama  National University  ၌ သင်ယူရမည်ဖြစ်ကာ Electric Power & Energy ဘာသာရပ်ကို  Kanazawa University ၌ သင်ယူရမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံ၏ Japan  International Cooperation Center (JICE)မှ Japanese  Grant  Aid  for  Human  Resource Development Scholarship (JDS) အစီအစဉ်အတွက် ယင်းကဲ့သို့ ပညာသင်ဆုများ ပေးအပ်ခြင်းဖြစ်ပြီး   ဘာသာရပ် တစ်ခုလျှင် တစ်ဦးစီသာ ရရှိမည်ဖြစ်ကြောင်း  သိရသည်။