နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁၈

  ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား ပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ထိုသို့လုပ်ဆောင်နေသူ များနှင့် CDM တွင် ပါဝင်ဆောင်ရွက်နေသူများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

  ထိုသို့လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ စျေးချိုရပ်ကွက်ရှိ ဒေါ်ခင်သန်းနွဲ့၏ နေအိမ်၌ CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး ထွက်ပြေး တိမ်းရှောင်နေသူများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် ဧပြီ ၁၆ ရက်တွင် သွားရောက် စစ်ဆေးခဲ့ရာ နေပြည်တော်အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဦးစီးအရာရှိဖြစ်သူ ဦးရန်မျိုးအောင် စာရင်းကိုင်(ဘဏ္ဍာ)နှင့် ၎င်း၏ဇနီးဖြစ်သူ နေပြည်တော် အဆင့်မြင့် ပညာ ဦးစီးဌာနမှ ဒေါ်ထွေးထွေးကျော်(စာရင်းကိုင်-၂) ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့နှစ်ဉီးအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်း၊ ငွေကြေးထောက်ပံ့ပေးရန် လိုက်လံစည်းရုံး လှုံ့ဆော်ခြင်း၊ အခြေခံပညာ ကျောင်းများ၌ အသုံးပြုရန် ပရိဘောဂများ တင်ဒါခေါ်ယူမှုတွင် ပါဝင်ပတ်သက် လျက်ရှိသည့် ပရိဘောဂကုမ္ပဏီတစ်ခုထံမှ ငွေကြေးများ ရယူခဲ့ခြင်း၊ CDM လှုပ်ရှား မှုတွင်ပါဝင်သည့် ဝန်ထမ်းများအား ငွေကြေးထောက်ပံ့ပေးခြင်းနှင့် လှုံ့ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး သက်ဆိုင်ရာရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။