ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်  ဧပြီ  ၁၈

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင်   ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက   တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင်  ရန်ကုန်တိုင်းဒေသကြီး၊  အင်းစိန် မြို့နယ်၊   စော်ဘွားကြီးကုန်းရပ်ကွက်၊ မင်္ဂလာတောင်တော်ဦး  ပရိယတ္တိစာသင်တိုက်နှင့် မှော်ဘီမြို့နယ်၊ အင်းတန်ကျေးရွာ၊ စံပယ်ခြံကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊  တောင်ငူမြို့၊ အောင်သုခတိုက်ကြီးကျောင်းများရှိ   သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး၊    တောင်ငူမြို့၊    အောင်သုခတိုက်ကြီးကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း    သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။