မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဦးဘိုးသိန်းမှာ ဆုံးမည့် မနက်၌ ရှိုက်မောနေသည့် အတွင်းမှ သားတွေ၊ သမီးတွေကို စုံညီတွေ့ချင်ဇော ပြင်းပြနေရှာပေသည်။ နံနက် ငါးနာရီခန့်က စ၍ မရှူနိုင် မရှိုက်နိုင်အောင် မောနေသော်လည်း သတိကောင်းစွာ ရသေးသည်။ ကိုနေဦးမှာ ရှစ်နာရီလောက် သင်္ဘောက တက်လာ၏။ ကိုနေဦးကို မြင်မြင်ချင်း ရှိုက်မောလျက်ပင် “သမီးကော...သမီး”ဟု အသက်ပါသွားမလောက် ပီသအောင်  ကြိုးစားအားယူပြီး မေးရလေ၏။

ကိုနေဦးက ဖခင်ဘေးတွင်ဝင်ထိုင်ပြီး ရင်ကိုလက်နှင့်အုပ်ပေးလျက် ဖခင်၏ နှုတ်ခမ်းလှုပ်သည့် လေသံကိုဖမ်းကာ   “ဝေေ၀ နေမကောင်းလို့ နက်ဖြန်မှ လိုက်လာလိမ့်မယ် ဖေဖေ”ဟု ကြည့်ကောင်းအောင် ပြောလိုက်ရပေသည်။  ပြောတာကို ကြားသကဲ့သို့ ခေါင်းကိုညိတ်လျက်၊  မျက်လုံးကြီးများ ဝိုင်းလည်လျက် မောနေလေသည်။ နောက်ဆုံး   အသက်မထွက်ခင်   စကားပြောသေး၏။  နှုတ်ခမ်းလှုပ်တာသာ တွေ့ကြရတော့လျက် လေသံမှာ  ဘာမျှ မသဲကွဲတော့သဖြင့်  ဘာမှာသွားမှန်း မသိလိုက်ကြပေ။

ဖခင်၏ “သမီးကော... သမီး”ဟု မေးသွားတာလောက် ဝေ့အသည်းခိုက်တာမရှိ။ မတွေ့လိုက်ရလေခြင်းဟု များစွာ ယူကျုံးမရဖြစ်ကာ သည်းထန်စွာ ရှိုက်၍ “ဖေဖေရေ...”ဟု တခေါ်လျက် အလောင်းဘေး၌ ခေါင်းမှောက်ချလိုက်သည်။ ဖခင်၏ရင်ပေါ်က လက်အေးအေးကြီးကို အားရှိပါးရှိ  လှမ်းဆုပ်ထား၏။ ငိုသံကား မထွက်တော့၊ ကိုယ်ကို သိမ့်ခါအောင်ရှိုက်လျက် ရှိုက်လျက်ပင် ကြိတ်မှိတ်ပူဆွေးနေပေသည်။

ထားထားသည် ဝေ့အနားသို့လာကာထူမည်လုပ်၍ “သူကသာဆိုးတာပေါ့၊ တွေ့မှမတွေ့လိုက်ရတာ၊ နေချင်သလို နေပါစေဦးဟာ”ဟု ကိုနေဦးက တားထားလိုက်သည်။ ဝေမှာ ဖခင်နား၌ပင် သည်လိုပဲ နေချင်တော့သည်။ ဖခင်အနားမှမခွာဘဲ သည်လိုနေရမှ ကျေနပ်နိုင်မလို ဖြစ်နေသည်။ အကြာကြီးနေလိုက်ချင်သည်။

အကြာကြီးဆိုသည်မှာ ရက်အကန့်အသတ်မရှိ။ ကြာတော့ ထားထားက လာချော့သည်။

“ညီမရယ် စိတ်ကိုသာဖြေပါတော့၊ အကြောင်းဆိုတာ ဒီလိုပဲဟ၊ ကိုယ်ကြံသလို မဖြစ်ဘူး၊ ကိုယ်ကြံတိုင်း ကိုယ်ဖြစ်ချင်တိုင်းဖြစ်ရတယ်လို့ ဘယ်သူမှမရှိပါဘူး ဟာ...လာပါ...ထပါ”

အသံလည်းမထွက်၊ ကြိတ်မှိတ်ဆွေးရှိုက်နေခြင်းကို မကြည့်ရက်၊ မမြင်ရက်ကြ၍ အော်ဟစ်လူးလှိမ့်လျက် ငိုလိုက်တာကမှ သူ့အဖို့သက်သာလိမ့်မယ်ဟု တွေးထင်ကြသည်။

ဒေါ်သက်မှာ  မီးကုန်ယမ်းကုန်အော်ငိုပြီးနောက် ဆွမ်းကိစ္စတွေ ရှိသေး၍  ငိုခြင်းကိုရပ်ကာ အလုပ်ရှိရာသို့  ထသွားလေသည်။ မယ်အေးသည် အားရအောင်ငိုပြီး၍ ဒေါ်သက်နောက်သို့ ထက်ကြပ်လိုက်ကာ လူကွယ်ရာ၌ သူကြုံခဲ့သိခဲ့သည့် အဖြစ်အပျက်များကိုတစ်ဆင့် မဲ့မဲ့ရွဲ့ရွဲ့နှင့်ဇာတ်ကြောင်းပြန်သည်။

“မမလေးက သိပ်လာချင်တာကြီးကြီးရဲ့၊ အစ်ကိုက မလွှတ်ဘူး။ ဘဘကြီး အသက်ထွက်မယ့် အချိန်လောက်ပါပဲ။ ဘုရားစင်ရှေ့မှာ မမလေးမှောက်ပြီးငိုနေလိုက်တာလေ၊ ကျွန်မ ချောင်းကြည့်တာပေါ့။ အခုလာတာတောင် ဆေးထိုးလာတာ”

မယ်အေးသည် ခရေစေ့တွင်းကျ နှိုက်နှိုက်ချွတ်ချွတ်နိုင်လွန်းလှ၍ ပြောသမျှ အကြောင်းတို့မှာ ဒေါ်သက်နား၌ ခါးနေလေသည်။

တောက်ခေါက်လျက် “ထားထားများ သိရင်အေ” ဟုဆိုကာ အံကြိတ်ထားလေ၏။

ထားထားက ဝေ၏အိမ်ထောင်ရေး အဆင်မပြေခြင်းကို အတွင်းကျကျ မသိသော်လည်း သိသလောက်သိလေသည်။ ဝေမလိုက်လာကတည်းက ဝေ့အတွက် ရင်လေး၍ သွားမိသည်။

မိမိအထင်နှင့်အမြင် မကွာလှဘဲ ဘယ်လောက်စိတ်ဒုက္ခရောက်ရှာပုံကို တွေ့မြင်နေရသည်။

“ဝေရယ်...ထပါဟယ်၊ အားလုံး နင့်အတွက်သိပ်စိတ်မကောင်းဖြစ်နေကြတာ၊ နင် ဒီလိုပဲနေရင် ပိုစိတ်ဆင်းရဲကြတော့မယ်၊ ထပါဟ”

ဝေသည်  မှောက်ထားသောခေါင်းကိုပြောင်း၍ ဘေးသို့လှည့်လိုက်သည်။ မျက်စိများ မှိတ်နေကာ မျက်နှာလေးမှာ နွမ်းရော်နေသည်။   မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။ လေးလံနေ၍ မနည်းအားယူပြီး ဖွင့်ရဟန်တူသည်။ နွမ်းလျနေသော အကြည့်ဖြင့် ထားထားအား လှမ်းကြည့်လိုက်သည်။ ထို့နောက် ဝေ၏မျက်လုံးထဲမှ ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်ကြီး နှစ်ပေါက်ယိုစိမ့်လိမ့်ဆင်းလာလေသည်။

ထားထားသည် ဖခင်လက်ကို ဆုပ်ထားသော ဝေ့လက်ကိုဖြေကာ ပွေ့ထူယူသည့်အခါ ဝေ့မှာခွန်အား ကုန်ခန်းလျက် ပျော့နေလေပြီ။

ဝေ့ကိုအိပ်ခန်းထဲသို့ သန်းသန်းနှင့်အတူ တွဲပို့ကြသည်။ ခုတင်ပေါ်တွင်ဝေ့ကိုတင်ကာ  ထားထားမှာဘေးမှထိုင်လျက် ဖျောင်းဖျပြောဟောနေ၏။ ဟောပြောရင်း ဝေ၏မိတ်ငြိမ်နေသော မျက်နှာကလေးကို မျက်ရည်စမ်းစမ်းဖြင့် ငေး၍ ကြည့်သည်။ မျက်နှာမှာဝေဒနာ မျှဉ်းမျှဉ်းခံစားနေရသော လူမမာ့မျက်နှာနှင့် တူပေသည်။ စိတ်ဝေဒနာသည် မျက်နှာ၌ ထင်ဟပ်ထားပေ၏။                      

 ဆက်လက်ဖော်ပြပါမည်။