ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်လဲလှယ် ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ (၁၆)ကြိမ်မြောက် ထွက်ခွာ

နေပြည်တော်  ဧပြီ  ၁၈

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အအဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်းရှိ  ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံဖွင့်လှစ် ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော အဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

အဆိုပါ လှည်းကူးမြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် (၁၅)ကြိမ်မြောက်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးဆရာဝန်များပါဝင်သော ၄၁ ဦးနှင့် လဲလှယ် ထမ်းဆောင်ရန် (၁၆)ကြိမ်မြောက် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊   တပ်မတော်ဆေးတက္ကသိုလ်ရှိ Theater  ခန်းမ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ နှင့်တာဝန်ရှိသူများက  သွားရောက်တွေ့ဆုံပြီး သြဝါဒစကားပြောကြားသည်။

ထို့နောက်   တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်ရသည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်အခြေအနေများအား ရှင်းလင်းတင်ပြကာ တိုင်းမှူးက တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

အဆိုပါ တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၌ မေ့ဆေးပါရဂူ ၅ ဦး၊  ရောဂါဗေဒပါရဂူ ၁ ဦး၊ ခွဲစိတ်ပါရဂူ ၅  ဦး၊ ဓာတ်မှန်ပါရဂူ ၁ ဦး၊ ဆေးမှူးဆရာဝန် ၁ ဦး၊ သူနာပြုအရာရှိ ၂၇ ဦး၊ စုစုပေါင်း ၄၀ ဦးပါဝင်ကာ  ၎င်းတို့သည် ရောဂါဝေဒနာ ခံစားနေရသော  ပြည်သူများကိုကာကွယ်ကုသရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်း ဖြစ်ပြီး  ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွား ခဲ့ကြောင်း သတင်းရရှိသည်။